ပဒိုမန်းငြိမ်းမောင်ကို ကေအန်ယူထံ ပြန်ပို့

Image caption နိုင်ငံ့ခေါင်းဆောင်တယောက်က အမျှော်မြင်ရှိရှိ နဲ့ ကျွန်တော်ကိုလွှတ် ပေးလိုက်တာပါ

နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ် တသက် တကျွန်း ပြစ်ဒဏ် ချမှတ်ခံရပြီးနောက်၊ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက် လာတဲ့၊ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မီတီဝင် ပဒိုမန်းငြိမ်းမောင်ကို အစိုးရကနေ စနေနေ့မှာ KNU ထံ ပြန်လည် လွှဲပြောင်း လိုက်ပါတယ်။

မြန်မာအစိုးရ ပြည်ထောင်စု ရထားဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ဟာ၊ ကားနှစ်စီးနဲ့ စနေနေ့မနက် ၁၁ နာရီလောက်က မဲဆောက်မြို့ကို ရောက် လာပြီးတော့ ပဒိုမန်းငြိမ်းမောင်ကို ကေအင်ယူ တာဝန်ရှိသူတွေဆီ ပြန်လွှဲပေးလိုက်တာ ဖြစ်ပါတယ်။

မိခင်အဖွဲ့အစည်းကို ပြန်လည်ရောက်ရှိလာတဲ့ ပဒိုမန်းငြိမ်းမောင်က ပြောကြားရာမှာ နိုင်ငံ့ခေါင်းဆောင် တယောက်က အမျှော်အမြင် ရှိရှိနဲ့ အခုလို လွှတ်ပေးလိုက်တာ ဖြစ်ကြောင်းနဲ့ ဒါဟာ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်တဲ့နေရာမှာ အများကြီးအထောက်အကူဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီး ဦးအောင်မင်းက သူတို့ အနေနနဲ့ ပြန်လွှတ်ပေးမယ်လို့ ကတိပေးထားတဲ့ အတိုင်း ပြီးမြောက်အောင် ဆောင်ရွက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ကေအင်ယူ အထွေထွေ အတွင်းရေးမှူး နော်စီ ဖိုးရာစိန်ကတော့ အခုလို ပြန်လွှတ်ပေးတဲ့ အပေါ် ကြိုဆိုကြောင်းနဲ့ ဒါဟာ ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် ယုံကြည်မှု တည်ဆောက်နိုင်မှု တခု ဖြစ်တယ်လို့ ပြောပါတယ်။

ပဒိုမန်းငြိမ်းမောင်ဟာ ပြီးခဲ့တဲ့ နှစ်လယ်လောက်တုန်းက ထိုင်းနိုင်ငံချင်းမိုင်ကနေ တရုတ်ပြည် ယူနန်ကို သွားရာကနေ ပျောက်ဆုံးသွားခဲ့တာပါ။ နောက်ပိုင်းမှာ ယူနန်ပြည်နယ် ကူမင်းလေဆိပ်ကနေ၊ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ပို့ဆောင်ခံရပါတယ်။

ရန်ကုန်ရောက်တော့ နိုင်ငံကူးလက်မှတ်အပေါ် ပြင်ဆင်ထားမှု၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ တွေနဲ့ ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ သူဟာ ကေအင်ယူ ဗဟိုကော်မီတီဝင် ပဒိုမန်းငြိမ်းမောင်ဆိုတာကို အစိုးရက သိရှိသွားပြီး၊ သူ့ကို မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှုတွေနဲ့ တရားစွဲဆို ခဲ့ပါတယ်။

အခုလ ၁၃ ရက်နေ့မှာတော့ အင်းစိန်ထောင် တရားရုံးကနေ ပြစ်ဒဏ် တသက်တကျွန်းနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ ပြီးတော့၊ ၁၉ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။