အပြောင်းအလဲတွေကို စစ်တပ်က ဟန့်တားမှာ အာဏာသိမ်းမှာ မဟုတ်လို့ယူဆ

တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားများ
Image caption တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားများ

လက်ရှိတိုင်းပြည်မှာ လုပ်နေတဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေကို စစ်တပ်က နှောင့်ယှက်တာမျိုး အာဏာသိမ်းမှာမျိုး လုပ်မယ်လို့ သူမယူဆကြောင်း ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်က ဘီဘီစီကို ပြောပါတယ်။ လက်ရှိတာဝန်ယူနေတဲ့ သမ္မတအပါအဝင် လွှတ်တော်ဥက္ကဌ တွေဟာလည်း စစ်တပ် အရာရှိဟောင်း ကြီးတွေဖြစ်လို့ ကာကွယ်ရေး ဦးစီးချုပ်က အထက်အောက် လေးစားမှု၊ နားလည်မှု ရှိနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

တဖက်ကလည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ သမ္မတက အပစ်ရပ်ဖို့ပြောနေပေမယ့် စစ်တပ်က ဆက်တိုက်နေတာနဲ့ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်ဟာသမ္မတအမိန့်ကို နာခံ သင့်တယ်လို့ ပြောပါတယ်။

အခုလို အခက်အခဲ ဖြစ်နေတာကတော့ အရင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ စစ်တပ်အကြီး အကဲတွေအပေါ် သြဇာညောင်းဆဲ ဖြစ်လို့ လက်ရှိဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အနေနဲ့ သူ ဆုံးဖြတ်ချင်သလို ဆုံးဖြတ်လို့မရ နိုင်တာဖြစ်နိုင်တယ်လို့လည်း ဘီဘီစီ ကိုပြောပါတယ်။

လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေကို တပ်မတော်ထဲမှာ အဆင့်ဆင့်လိုလား ထောက်ခံမှုတွေ ရှိတယ်လို့ သူကပြောပါတယ်။ ဒါပေမယ့် အပြောင်းအလဲ လုပ်တဲ့အခါ နိုင်ငံမှာဖြစ်ခဲ့တဲ့ အတိတ်က သင်ခန်းစာတွေကြောင့် စစ်တပ်ရဲ့အပြည့်အဝ ပါဝင်မှုကို စိတ်ရှည်ဖို့တော့လို မယ်လို့ စိုင်းဝင်းကျော်က သုံးသပ်သွားပါတယ်။

ပြီးခဲ့တဲ့ ၈၈အရေးအခင်းတုန်းက ဗိုလ်ကြီးစိုင်းဝင်းကျော်ဟာ ပြည်သူ့ရင်ခွင်ကိုဘက်ပြောင်း ဝင်ရောက်ခဲ့တာဖြစ်ပြီး အခုအခါ အမေရိကန်ပြည်ထောင်စုမှာ အခြေချလျက်ရှိပါတယ်။