ရွေးကောက်ပွဲ အတွက် အသင့် ဖြစ်နေပြီလို့ ကော်မရှင် ဥက္ကဌပြော

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက တရား မျှတဲ့ ရွေးကောက်ပွဲ အတွက် အဆင်သင့် ဖြစ်နေပြီလို့ ဗုဒ္ဒဟူးနေ့က ထုတ်ဖော် ပြောလိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကချင်ပြည်နယ်မှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်တာလို့ ရှင်းပြ

နေပြည်တော်မှာ နိုင်ငံရေး ပါတီတွေနဲ့ သတင်းထောက်တွေ ကိုဖိတ်ခေါ် ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောခဲ့ တာပါ။

ကချင် ပြည်နယ် အတွင်း ပြည်သူ့ လွှတ်တော် အမတ် ရွေးချယ်မယ့် ၃ နေရာက လွဲပြီး ကျန်တဲ့ ၄၅ နေရာမှာ ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်ဖို့ အဆင့်သင့်ဖြစ် နေပြီလို့ ဦးတင်အေးက ပြောပါတယ်။

အဲဒီ မဲဆန္ဒနယ် ၃ ခုမှာ ကြားဖြတ် ရွေးကောက်ပွဲ လုပ်ဖို့ ရွှေ့ဆိုင်း လိုက်တာဟာ လုံခြုံရေး အရ ဖြစ်တယ်လို့ သူက ရှင်းပြသွား ပါတယ်။

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပါတီ ၁၇ ပါတီက လွှတ်တော် အမတ်လောင်း ၁၆၈ ယောက် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး မဲပေး ပိုင်ခွင့် ရှိသူ စုစုပေါင်း ၆ သန်းကျော် ရှိတယ်လို့ သူက ပြောပါတယ်။

မဲပေးနိုင်ခွင့် ရှိသူ အမည် စာရင်းကို ပြီးခဲ့တဲ့ ၂၄ ရက်နေ့က အပြီးသတ် ပြင်ဆင် လိုက်ပြီ လို့လည်း ကော်မရှင် ဥက္ကဌက ပြောပါတယ်။

တရားမျှတဲ့ ရွေးကောက်ပွဲ အတွက် ပြည်သူ လူထုရော၊ နိုင်ငံရေး ပါတီတွေနဲ့ မီဒီယာ ကပါ ကူညီဆောင်ရွက်ဖို့ ကိုလည်း သူက ဖိတ်ခေါ်လိုက်ပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲကို လာရောက်လေ့လာဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ကိုယ်စားလှယ်ပေါင်း ၁၅၉ ယောက်ကို ဖိတ်ခေါ် ထားတယ် လို့လည်း ဆိုပါတယ်။

မဲစာရင်း ရလဒ်ကို တစ်ပတ် အတွင်း ကြေညာမှာ ဖြစ်ပြီး မဲရေတွက် ရာမှာ လွှတ်တော် အမတ်လောင်းတွေ၊ မဲရုံ ကိုယ်စားလှယ် တွေနဲ့ သတင်းသမား တွေလည်း စောင့်ကြည့်လို့ ရပါတယ်။

ဒါပေမဲ့ သတင်းထောက်တွေ ကတော့ မဲရုံအပြင် ကနေ ဓါတ်ပုံရိုက်ခွင့် ရှိပေမဲ့ တွေ့ဆုံ မေးမြန်းတာကို မဲရုံနဲ့ ကိုက် ၅ဝဝ အပြင်မှာ လုပ်ရ မယ်လို့ ပြောပါတယ်။