မဲဆွယ်သူတွေကို ကြံ့ဖွံ့နှောင့်ယှက်

U Tin Aye ဓာတ်ပုံ မူပိုင် Reuters
Image caption ရွေးကောက်ပွဲ ကို တရားမျှတအောင် ကျင်းပပေးဖို့ ကော်မရှင်ဥက္ကဌက ကတိပေး

ကြားဖြတ် ရွေးကောက်ပွဲမှာ မကွေးတိုင်းက မဲဆန္ဒနယ်တွေဖြစ်တဲ့ ပခုက္ကူနဲ့ မြိုင်မြို့နယ်တွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပစ္စည်းတချို့နဲ့ငွေပေးမဲဆွယ်နေသလို အန်အယ်လ်ဒီပါတီ၀င်တွေကို ကိုယ်ထိလက်ရောက် စော်ကားတာတွေရှိနေပါတယ်။

မတ်လ ၂၈ ရက်နေ့မှာ ပခုက္ကူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်တွေနဲ့ အန်အယ်လ်ဒီပါတီ၀င်တွေဟာ မြင်း၀န်းရွာမှာ မဲပေးပုံမဲပေးနည်းတွေ ပညာပေးဟောပြောနေတုန်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့၀င် ၃ဦးက ၀င်ရောက်ခြိမ်းခြောက်တာအပြင် ကျေးရွာကော်မရှင်တဦးကိုလည်း ကိုယ်ထိလက်ရောက် ရိုက်နှက်သွားတယ်လို့သိရပါတယ်။

ဒီအကြောင်း ပခုက္ကူမဲဆန္ဒနယ်ကနေ အန်အယ်လ်ဒီကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးပိုက်ကိုပြောပြတာက သင်တန်းလာပေးတဲ့အခါမှာ ရွာသား (၃) ဦးဖြစ်တဲ့ ကိုငလွင်၊ ကိုငဦး၊ ဟန်သိန်းမြင့်တို့က မူးလာပြီးတော့ ကျောင်းဝန်းထဲကို ဝင်လာပြီးတော့ ဒီမိုကရေစီ အဖွဲ့ချုပ်က အစည်းအဝေး လုပ်တယ်ထင်ပြီးတော့ လာရောက်ပြီးတော့ ကျိမ်းမောင်းတယ်။ မင်းတို့ ခွပ်ဒေါင်းထည့်ရင် ဒူးရိုက်ချိုးပစ်မယ်ဆိုပြီးတော့ ကျိမ်းမောင်းတယ်။ ပြည်ခိုင်ဖြိုး ပါတီဝင်တွေလို့ သိရတယ်။ မြင်းဝန်းကျေးရွာ ကော်မရှင်ဖြစ်တဲ့ ကိုကျော်စွာကို သူတို့ လက်နဲရိုက်ပစ်လိုက်တယ်။ဒီကိစ္စကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲက သက်ဆိုင်ရာ ရဲစခန်းမှာ တိုင်ကြားထားတယ်လို့ပြောပါတယ်။

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးဖို့ ပခုက္ကူမှာရှိတဲ့ ချဉ်မျှင်အထည်စက်ရုံနဲ့ ဝါဂွမ်းစက်က စက်ရုံ၀န်ထမ်းတွေကိုလည်း သူတို့နေထိုင်တဲ့ရပ်ကွက်တွေကနေ စက်ရုံရှိတဲ့ အရပ်ကို အိမ်ထောင်စုစရင်းတွေ အတင်းပြောင်းခိုင်းတာကြောင့် ၀န်ထမ်း ထောင့်သုံးရာကျော်ဟာလည်း စက်ရုံကလုပ်တဲ့ မဲရုံမှာပဲ မဲပေးရမယ့်အကြောင်း အန်အယ်လ်ဒီကို လာရောက်တိုင်ကြားကြတယ်လို့ ဦးပိုက်ကိုကပြောပါတယ်။

တချို့ကျေးရွာတွေမှာဆိုရင် ကြံခိုင်ဖွံ့ဖြိုးရေးပါတီကနေ ငွေတရာ ၂ကျပ်ခွဲတိုးနဲ့ တအိမ်ထောင် ၅သောင်းထုတ်ချေးပေးပြီး အန်အယ်လ်ဒီလိုလားသူတွေကိုတော့ ချန်ထားခဲ့တယ်လို့ပြောပါတယ်။ ပခုက္ကူမြို့ပေါ် အမှတ် ၈ရပ်ကွက်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲဆွယ်စည်းရုံးရေးဆင်းတဲ့အခါမှာလည်း ဒေသခံ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းနဲ့ပေါင်းပြီး ပစ္စည်းတွေပေးမဲဆွယ်တဲ့အကြောင်း ဒေသခံတယောက်က ပြောပါတယ်။

အမှတ် (၈) ရပ်ကွက်မှာ အဲဒီ မိခင်နဲ့ကလေးရယ်၊ အမျိုးသမီးရေးရာရယ်ပေါင်းပြီးတော့ တအိမ်ကို ကုလားပဲဆန် (၂) ဗူး၊ ဆားအစိတ်သားရယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဦးကျော်တင့်ရဲ့စာနဲ့ ပန်းဖလက်ရယ်လက်ကမ်းစာစောင်တွေရယ်ကို အိတ်ထဲထည့်ပြီးတော့ အိမ်တွေကို ရပ်ကွက်တွေထဲမှာ လည်ပြီးတော့ စည်းရုံးရေးတွေကိုလည်း ဆင်းနေပါတယ်။

တအိမ်ထောင်ကို ငွေ (၂) ထောင်နှုန်း ပေးမယ်ဆိုပြီး သူတို့အထဲကို မဲထည့် ဖို့ စည်းရုံးတာမျိုးလည်း ရှိပါတယ်။

ကြံ့ခိုင်ရေးပါတီကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုသွားပါတယ်။