ရွေးကောက်ပွဲ လွတ်လပ်မျှတရမယ်လို့ ကော်မရှင်ဥက္ကဌပြော

Image caption ဘီဘီစီဝိုင်းတော်သား ကိုချိုက ကော်မရှင် ဥက္ကဌ ဦးတင်အေးကို တွေ့ဆုံမေးမြန်း

ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကျင်းပပေးသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ဘီဘီစီ မြန်မာပိုင်းကို ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ဆိုတာဟာ အနိုင်အရှုံး အဆုံးအဖြတ်ပေးတာ မဟုတ်ကြောင်းနဲ့ ပြည်သူ့ဆန္ဒ၊ ပြည်သူတွေ ထောက်ခံတဲ့ သူတွေ လွှတ်တော်ထဲ ရောက်အောင် ဆောင်ရွက်ပေး ရမယ့် အဖွဲ့အစည်း ဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲဟာ သန့်ရှင်းတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ကိုဖြစ်ရမယ်လို့လည်း ဦးတင်အေးက ပြောပါတယ်။

ခရိုင်အဆင့်ကနေ အောက်ခြေ ကျေးလက်အထိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွေကို လွတ်လပ် သန့်ရှင်းတဲ့ ရွေးကောက်ပွဲ ဖြစ်စေရေး အတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ မှာကြားထားကြောင်း သူကပြောပါတယ်။

အခုလို ဖြစ်ဖို့ဆိုရင် ပြည်သူလူထု၊ ပါတီတွေနဲ့ ကော်မရှင်တို့ ပေါင်းစပ်ပြီး လုပ်ဆောင်ကြမှ သာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ သူကဆိုပါတယ်။

နောက်တိုးမဲ ဆိုပြီး မဲဆန္ဒရှင်စာရင်း ထက်တိုးလာတဲ့ ကိစ္စရပ် အပေါ်မှာတော့၊ ဦးတင်အေးက ၂၀၁၀ မဲစာရင်းထဲက သေဆုံးသူတွေကို ထုတ်ပယ်ပြီး အသက် ၁၈ နှစ်ပြည့် လာသူတွေနဲ့ သန်းခေါင် စာရင်း ပြောင်းလာသူတွေကို ထပ်တိုးတာသာ ဖြစ်တယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်တဲ့ မဲဆန္ဒနယ်မြေတွေ အတွက် အခြေအနေ အေးတာနဲ့ ချက်ချင်း ကျင်းပ ပေးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။