ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကွန်ယက် အစီရင်ခံစာ ထုတ်ပြန်

ဓာတ်ပုံ မူပိုင် AFP
Image caption မဲစာရင်းမှာ မပါလို့ တိုင်တန်းတာတွေကို အများဆုံး တွေ့ရကြောင်း ဖေါ်ပြထား

မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အစီရင် ခံစာ အမှတ် ( ၁ )ကို ၈၈ မျိုးဆက်ကျောင်းသား တွေ ပါဝင်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ရေး ကွန်ယက်က စနေနေ့မှာ ထုတ်ပြန်လိုက် ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ရင် အခု ကြားဖြတ် ရွေးကောက်ပွဲဟာ အများကြီး လွတ်လပ် မျှတတယ်လို့ သုံးသပ်ထားကြောင်း ကွန်ယက်ကို ဦးဆောင် လုပ်ခဲ့သူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးကိုကိုကြီးက ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင် အနေနဲ့ကတော့ ဘယ်ပါတီနဲ့မှ မပတ်သက်တဲ့ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းမျိုး ဖြစ်သင့်တယ် လို့လည်း ဦးကိုကိုကြီးက ပြောပါတယ်။

အခုလက်ရှိ အများအမြင်မှာတော့ ရွေးကောက်ပွဲကော်မရှင်ဟာ အာဏာရပါတီအပါအဝင် သက်ဆိုင်ရာ အုပ်ချုပ်မှု အဖွဲ့အစည်းတွေနဲ့ လုံးထွေးနေတယ်လို့ ယူဆနေကြတဲ့အတွက် ရွေးကောက်ပွဲ ဖေါ်ဆောင်ရာမှာ အမြင် မရှင်းတာတွေ တွေ့ရတယ်လို့ သုံးသပ်ထားကြောင်း ကိုလည်း သူက ဆိုပါတယ်။

အခုရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ စာရင်းမှာ မပါလို့ တိုင်တန်းတာတွေကို အများဆုံး တွေ့ရကြောင်း ဖေါ်ပြထားပါတယ်။

ဒီအတွက် နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ မဲစာရင်းပြုစုတဲ့အခါ လွတ်လပ်တဲ့ နိုင်ငံသားတွေပါ ပူးပေါင်းပါဝင်တဲ့ သမာသမတ်ကျတဲ့ မဲစာရင်းပြုစုမှုမျိုး ဖြစ်ဖို့အတွက် မျှော်လင့်ထားကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။

နောက်ပြီး မဲဆန္ဒရှင်တွေ၊ ပါတီကိုယ်စားလှယ်တွေနဲ့ မဲရုံကြီးကြပ်သူတွေကအစ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကို အခုထက်ပိုပြီး အသိပညာပေးတာ၊ သင်တန်းပေးတာတွေလုပ်ဖို့ လိုကြောင်း သုံးသပ်ထားတယ် လို့ဆိုပါတယ်။

အခု အစီရင်ခံစာဟာ အကြမ်းအားဖြင့် တင်ပြခဲ့တာသာ ဖြစ်ပြီး အချက်အလက် အပြည့်အစုံ ပါဝင်တဲ့ နောက်အစီရင်ခံကို လာမယ့် တလအတွင်း ထုတ်ပြန်ဖို့ ရှိတယ်လို့ သိရပါတယ်။