KNU နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံ

ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှုဟာ နွေးထွေးတဲ့ တွေ့ဆုံမှုလို့ KNU ပြော

အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ KNU ကရင် အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ စနေနေ့ မနက်က သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ အလွတ်သဘော တနာရီခွဲကျော် လောက် တွေ့ဆုံခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်က အချိန်မရှိတဲ့ကြားက KNU ကိုယ်စားလှယ်အဖွဲ့ကို တွေ့ချင်လွန်းလို့ တက်သုတ်ရိုက် စီစဉ်လိုက်တာ ဖြစ်တယ်လို့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် ပြောခွင့်ရ အမျိုးသမီး နော်မေဦးက ဘီဘီစီကို ပြောပြပါတယ်။

သမ္မတ ဦးသိန်းစိန်ဖက်က နိုင်ငံတော် အစိုးရရဲ့ ငြိမ်းချမ်းရေး အကောင်အထည် ဖေါ်ရေး ဖြစ်စဉ်တွေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြောင်းလဲမှုတွေ ရှိလာဖို့ တဆင့်စီ ဘယ်လို ပုံဖေါ် ဆောင်ရွက်နေသလဲ ဆိုတာတွေကို စိတ်ရှည်လက်ရှည် ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

KNU ဖက်ကလည်း ငြိမ်းချမ်းရေး အကောင်အထည် ဖေါ် ဆောင်ရွက်ဖို့ ချမှတ်ထားတဲ့ အဆင့်ကြီး ၄ဆင့်အတိုင်း လာရောက် ဆွေးနွေးတာ ဖြစ်တဲ့ အကြောင်းနဲ့ ရပ်တည်ချက် သဘောထားတွေကို အနည်းအကျဉ်း ရှင်းပြခဲ့ကြောင်း၊ ဒါပေမယ့် အဓိကအားဖြင့် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး နိုင်ငံတော် အစိုးရရဲ့ အစီအစဉ်တွေကို သွားလေ့လာတာ ဖြစ်ကြောင်း နော်မေဦးက ပြောပါတယ်။

ဒါ့အပြင် KNU ဟာ တရားမဝင် အသင်းအဖွဲ့ ဖြစ်နေဆဲ ဖြစ်တာမို့ တရားဝင် နိုင်ငံရေးပါတီ ဖွဲ့ပြီး ဥပဒေရဲ့ လမ်းညွှန်မှု စည်းမျဉ်းအတိုင်း စဉ်းစား လုပ်ဆောင်သွားဖို့ သမ္မတ ဦးသိန်းစိန် က ဆွေးနွေး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

KNU အနေနဲ့ကတော့ မြန်မာ့နိုင်ငံရေးမှာ ကရင် အမျိုးသားရေးကို ဦးစားပေး လုပ်ဆောင်ဖို့ အတွက် ချက်ချင်း နိုင်ငံရေး ပါတီ ဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်တာမျိုးထက် ဆင့်ကဲ ဆင့်ကဲ အကောင်အထည်ဖေါ် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ပြောခွင့်ရ အမျိုးသမီး နော်မေဦးက ပြောပါတယ်။

KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ သောကြာနေ့တုန်းက ပြည်ထောင်စု အဆင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့တွေ့ဆုံ ဆွေးနွေးခဲ့ပြီး သဘောတူ ဆုံးဖြတ်ချက် တချို့ ချမှတ် နိုင်ခဲ့ပါတယ်။

စနေနေ့ ညနေပိုင်းမှာတော့ ရန်ကုန်မြို့မှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ တွေ့ဆုံခဲ့ကြရာမှာ တိုင်းရင်းသား ခေါင်းဆောင် ၃၀လောက် တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။