မြန်မာအပေါ် ပိတ်ဆို့မှု ရုပ်ဖို့ ICG ပြော

Image caption မြန်မာနိုင်ငံက အပြောင်းအလဲတွေ နောက်ပြန် မလှည့်နိုင်ဘူးလို့ ICG ပြော

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲ တွေဟာ နောက်ပြန်သွားမယ့် အလားအလာမျိုး သိပ်မရှိတဲ့အတွက် မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှု တွေ အားလုံးကို ပြန်လည် ရုပ်သိမ်းသင့်ပြီလို့ ဂျာကာတာ အခြေစိုက် ICG အပြည်ပြည်ဆိုင်ရာ အကြပ်အတည်း ဖြေရှင်းရေးအဖွဲ့ရဲ့ ထုတ်ပြန် ချက်ထဲမှာ တောင်းဆို ထားပါတယ်။

မြန်မာ အစိုးရတွင်းမှာ ခေတ်ဟောင်း ပြန်သွား ချင်သူ မရှိကြောင်းနဲ့ အုပ်စု ၂ စု ကွဲနေတယ်လို့ မမြင်ကြောင်း၊ အပြောင်းအလဲကြောင့် အမြတ် ရသူနဲ့ အရှုံးထွက်သူသာ ရှိကြောင်း၊ အပြောင်းအလဲ အားလုံးကို စုံမှိတ် ဆန့်ကျင်နေသူမရှိဘဲ ကိစ္စရပ် ပေါ်မူတည်ပြီး ထောက်ခံသူ ကန့်ကွက်သူသာ ရှိကြောင်း ICG အဖွဲ့ အရှေ့တောင် အာရှ ညွှန်ကြားရေးမှူး ဂျင်မ် ဒဲလာ ဂျိုင်ယာကိုမာက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတကာနဲ့ ဒေသတွင်းက ဖြစ်ချင်တဲ့ အနေအထားမျိုး လက်ရှိ မြန်မာ အစိုးရ လျှောက်လှမ်း နေချိန်မျိုးမှာ ဆုပေး ဒဏ်ပေးစနစ်နဲ့ သွားနေတာက အကျိုး မများဘူးလို့ သူက ပြောပါတယ်။

အစိုးရအနေနဲ့လည်း ကျွမ်းကျင်သူ အကူအညီ လိုနေတာမို့ ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း၊ ပိတ်ဆို့မှုက ဆင်းရဲသား အများစုကိုပဲ အဓိက ထိခိုက်ခဲ့ပြီး အသေးစား ငွေချေးစနစ်နဲ့ ဘဏ်စနစ် ကောင်းကောင်း မရှိတာ၊ ကျောင်းနဲ့ ဆေးရုံတွေလို အခြေခံအဆောက်အအုံတွေ ချို့တဲ့တာ၊ HIV ကူးစက်ခံရသူတွေ အတွက် ဆေးမလုံလောက်တာ စတဲ့ ဆိုးကျိုးတွေပဲ ရခဲ့တာကြောင့် ပိတ်ဆို့မှုတွေကို ဖွင့်ပေးသင့်တယ်လို့ ဂျင်မ် ဒဲလာ ဂျိုင်ယာကိုမာ က ပြောပါတယ်။

စီးပွားရေး ပြုပြင်မှုတွေကြောင့် နိုင်ငံရေး လူမျိုးစုရေး တိုးတက်ပြောင်းလဲမှုတွေ ရှိလာနိုင် သလားဆိုတဲ့ မေးခွန်းကိုတော့ ဂျင်မ် ဒဲလာ ဂျိုင်ယာကိုမာက မြန်မာနိုင်ငံမှာ ကိုးကွယ်တဲ့ ဘာသာ၊ လူမျိုးနဲ့ ဘာသာစကား မျိုးစုံကွဲပြားနေတဲ့ အတွက် ဒါကို လွယ်လွယ်နဲ့ ဖြေရှင်းလို့ မရဘဲ အပစ်အခတ် ရပ်စဲရေး အရင် ကြိုးပမ်းဖို့ လိုကြောင်းနဲ့ ပြီးမှ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်ကို အရည်အချင်းရှိရှိ လေးစားမှု အပြည့်နဲ့ ဆောင်ရွက်ဖို့ လိုကြောင်း ပြောသွားပါတယ်။