တကယ်ပြောင်းလဲရင်ပိတ်ဆို့မှု ရုပ်သိမ်းမယ်လို့ ဗြိတိန်ပြော

Cameron ဓာတ်ပုံ မူပိုင် Getty
Image caption မစ္စတာ ကင်မရွန်းဟာ အာရှ ဒေသတွင်း ခရီးလှည့် လည် နေတာ ဖြစ်ပါတယ်

မြန်မာ နိုင်ငံမှာ ဒီမိုကရေ စီရေး ပြုပြင် ပြောင်းလဲမှု တွေ တကယ် ဖြစ်ပေါ် နေတယ် ဆိုရင် ထိုက်သင့်တဲ့ တုန့်ပြန် မှုတွေ ကို အချိန် မဆိုင်းဘဲ လုပ်သင့် တယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က ပြောလိုက် ပါတယ်။

သောကြာနေ့မှာ မြန်မာ နိုင်ငံကို ရောက်ရှိ လာတော့မယ့် မစ္စတာ ကင်မရွန်းက အာရှ ဒေသတွင်း မှာ ခရီး လှည့်လည် နေတုန်း အခုလို ပြောလိုက်တာပါ။ သူဟာ ကြာသပတေး နေ့ မှာတော့ အင်ဒိုနီးရှား နိုင်ငံကနေ မလေးရှား နိုင်ငံကို ရောက်လာပါပြီ။

မစ္စတာ ကင်မရွန်းက သူ ရောက်ရှိ ခဲ့တဲ့ နိုင်ငံ တွေမှာ မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု တွေ အပေါ် ကျေနပ် အားရ မိကြောင်း တွေ ပြောခဲ့ ပါတယ်။ မစ္စတာ ကင်မရွန်းက သူ့အနေနဲ့ မြန်မာ နိုင်ငံက အခြေ အနေ တွေကို ကိုယ်တိုင် သွားကြည့် ချင်တယ် လို့လည်း ပြောခဲ့ ပါတယ်။

မစ္စတာ ကင်မရွန်း ဟာ မြန်မာ နိုင်ငံမှာ အရပ်သား အစိုးရကို အာဏာ လွှဲပြောင်း ပေးပြီး တဲ့နောက် မြန်မာ နိုင်ငံကို သွားရောက်မယ့် အဆင့် အမြင့်ဆုံး အနောက် နိုင်ငံက ခေါင်းဆောင် တစ်ယောက် ဖြစ်ပါတယ်။

ကမ္ဘာကြီး မှာ အမှာင်ဖုံး ပြီး စိတ်ပျက် စရာတွေ ကျန်ရစ် စေမယ့် သမိုင်းကို ရေးနေတဲ့ နေရာ တွေ အများကြီး ရှိနေတဲ့ အထဲမှာ ဒီမိုကရေစီ အလင်းရောင် မြင်လာ ရတဲ့ နိုင်ငံ ကတော့ မြန်မာ နိုင်ငံ ဖြစ်တယ် လို့ ဗြိတိန် ဝန်ကြီးချုပ်က ပြောခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption မစ္စတာကင် မရွန်းက သမ္မတ ဉီးသိန်းစိန် ကိုရော ဒေါ်အောင်ဆန်းစုကြည် ကိုပါ ချီးကျူးခဲ့

အခု တွေ့နေ ရတဲ့ အပြောင်း အလဲ တွေကို မျက်စေ့ စုံမှိတ် ပြီး လက်ခံ လိုက်တာမျိုး လုပ်မှာ မဟုတ်ဘူး၊ ဆက်လက် စောင့်ကြည့် သွားဉီးမှာ ဖြစ်တယ် လို့ ဝန်ကြီးချုပ် ကင်မရွန်းက ပြောပါတယ်။

အင်ဒိုနီးရှား သမ္မတနဲ့ မလေးရှား ဝန်ကြီးချုပ် တို့က တော့ သမ္မတ ဉီးသိန်းစိန်ဟာ တကယ့်ကို ပြုပြင် ပြောင်းလဲ မှုတွေ ပြုလုပ် လိုတဲ့ စစ်မှန်တဲ့ ဆန္ဒ ရှိသူလို့ ယုံကြည် ထားကြတဲ့ အကြောင်း သူ့ကို ပြောခဲ့ ကြတယ်လို့ မစ္စတာ ကင်မရွန်း က ပြောပါတယ်။

ဝန်ကြီးချုပ် ကင်မရွန်း က ပြုပြင် ပြောင်းလဲ မှုတွေ လုပ်ဆောင်တဲ့ သမ္မတ ဉီးသိန်းစိန် နဲ့ အစိုးရ ကိုရော ဆယ်စုနှစ်ပေါင်း များစွာ စွန့်လွှတ် အနစ်နာ ခံမှုတွေနဲ့ မြန်မာ့ ဒီမို ကရေစီ ရေးကို မဆုတ် မနစ် ကြိုးပမ်း နေတဲ့ ဒေါ်အောင်ဆန်း စုကြည် ကိုပါ ဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။

ဥရောပ သမဂ္ဂက မြန်မာ အပေါ် ထားရှိတဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ လာမယ့် ဓပြီလ ၂၃ ရက်နေ့မှာ ပြန်လည် သုံးသပ်ဖို့ ရှိနေပါတယ်။ မကြာသေးခင်က အမေရိကန် ပြည်ထောင်စုက လည်း ပိတ်ဆို့ အရေးယူထားမှု တချို့ကို လျှော့ပေါ့ပေးခဲ့ပါတယ်။

ဗြိတိန် နိုင်ငံဟာ ဥရောပ သမဂ္ဂ မှာ အရေး ပါတဲ့ အခန်း ကဏ္ဍမှာ ရှိတဲ့ နိုင်ငံ ဖြစ်တာမို့ မြန်မာ နိုင်ငံမှာ ပြုပြင် ပြောင်းလဲ မှုတွေ ပြုလုပ် လာအောင် ပြင်းထန်တဲ့ ဖိအားတွေ ပေးခဲ့တာ ဖြစ်တယ်၊ ဒီတော့ တကယ်လို့သာ သူကိုယ်တိုင် သွားကြည့်လို့ နိုင်ငံတွင်း မှာ တကယ့်ကို စစ်မှန်တဲ့ အပြောင်း အလဲတွေ ဖြစ်နေပြီ ဆိုတာ တွေ့ရရင် ဥရောပ သမဂ္ဂ အနေနဲ့ တုံ့ပြန် ဆောင်ရွက်ဖို့ ဝန်လေးမှာ မဟုတ်ဘူး လို့ မလေးရှား နိုင်ငံမှာ ဗြိတိန် ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီတော့ အခု ဗြိတိန် ဝန်ကြီးချုပ်ရဲ့ မြန်မာ ခရီးစဉ်မှာ တွေ့မြင် ရမယ့် အချက် တွေက ဥရောပ သမဂ္ဂ ဘက်က ပေါ်လစီ အပေါ် ထည့်သွင်း စဉ်းစား စရာ ဖြစ်လာနိုင် ပါတယ်။