သမ္မတဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်

_japan_burma
Image caption ဂျပန်အစိုးရအရာရှိတွေနဲ့ ဦးထွန်းအောင်ကျော်

မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ဟာ ကနေ့ ဧပြီလ ၂၀ ရက်နေ့က စပြီး ၂၄ ရက်နေ့ အထိ ဂျပန်နိုင်ငံ ကို သွားရောက် မှာ ဖြစ်ပြီး စနေနေ့ မှာ ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါ့ နဲ့ အတူ ဒေသတွင်း ခေါင်းဆောင်တွေနဲ့ တွေ့မှာ ဖြစ်ပါတယ်။

ဂျပန်အစိုးရ ဘက်က မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး တိုးတက်မယ့် အနေအထားပေါ် စောင့်ကြည့် လေ့လာပြီး ကြွေးမြီ လျှော်ပစ်တာ၊ နောက်ထပ် အကူအညီ ပေးရေး စဉ်းစားမှာ ဖြစ်လို့ ပြီးခဲ့တဲ့ မတ်လ က ဂျပန်နိုင်ငံ ကို သွားပြီး အာဏာရ ဒီမိုကရက်တစ် ပါတီအစိုးရ အရာရှိတွေ၊ အမတ်တွေ အပြင် အတိုက်အခံ အမတ်တွေ နဲ့ မြန်မာ့အရေး သွားရောက်ဆွေးနွေး ခဲ့တဲ့ အမေရိကန် ပြည်ထောင်စု၊ မြန်မာ့လူ့ဘောင် အဖွဲ့ Civil Society for Burma မှ ဉက္ကဌ ဦးထွန်းအောင်ကျော် က သူတွေ့ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ အမတ် နာအိုတို ဆာကာဂုချိ ကနေ မြန်မာ အစိုးရ အပေါ် ဂျပန်ဘက်က သဘောထား ကို ဘီဘီစီ ကို ပြောပြ ပါတယ်။

ဂျပန်အစိုးရ က မြန်မာ အစိုးရဟာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှု ဟုတ် မဟုတ် ဆိုတာကို သေချာစွာ လေ့လာ စောင့်ကြည့်မယ့် အကြောင်း၊ ပြောင်းလဲမှု ပီပြင်လာရင် ဂျပန် ဘက်က အိုဒီအေ ခေါ် ပြည်ပ နိုင်ငံတွေကို ချေးငွေ အရဖြစ်စေ၊ ပေးငွေ အရ ဖြစ်စေ ပေးမယ့် အကြောင်း လယ်ယာလုပ်ငန်း၊ စက်မှု လုပ်ငန်းတွေ မှာ အသုံး ချစေရေးတွေ ဂျပန် အမတ်တွေက ပြောတာကို ဦးထွန်းအောင်ကျော် က ရှင်းပြပါတယ်။

ဂျပန် မှာမွေးဖွားပြီး ကိုးရီးယားနွယ်ဝင် ဒီမိုကရက်တစ် အမတ်များ ကောင်စီ မှ လွှတ်တော် ကိုယ်စားလှယ် ဟာကုရှင်ကွန်း ကတော့ တောင်ကိုးရီးယား မှာ စစ်အစိုးရ လက်ထက် ကနေ အရပ်သား အစိုးရ အသွင် ကူးပြောင်း လာခဲ့တာကို နမူနာ အနေနဲ့ ယူစေလိုပုံ၊ မြန်မာ နိုင်ငံသားတွေ အနေနဲ့ စိတ်ရှည်ရှည်ထားပြီး နေကြဖို့ တိုက်တွန်းသွားပါတယ်။ ဂျပန် အစိုးရ အနေနဲ့တော့ မြန်မာ အစိုးရ ဘက်က ဟန်ပြ ပြောင်းလဲ ရင်လည်း သူတို့က ဆက်ပေါင်းနေပြီး နောက်ဆုံး အမှန်တကယ် ပြောင်းလဲတဲ့ အထိ တွန်းအားပေးရေး ကို စိတ်ဝင်စားပုံ ရှင်းပြတာကို ဦးထွန်းအောင်ကျော် က ဘီဘီစီ ကို ပြောပြပါတယ်။

မြန်မာနိုင်ငံ ကို အကူအညီပေးရာမှာလည်း ဂျပန် NGO တွေ က မြန်မာ NGO တွေ ကို ပေးဖို့ အစီအစဉ် အရ၊ ဘယ်လို လုပ်ငန်း စီမံကိန်း တွေမှာ သုံးမယ် ဆိုတာကို ဂျပန်သံရုံး ကတဆင့် အသိပေးဖို့ နဲ့ အထူးသဖြင့် ပညာရေး နဲ့ ကျန်းမာရေးပိုင်းမှာ အသုံးပြုတာကို လိုလားကြောင်း ဂျပန်ဘက်က ရှင်းပြ သွားကြပါတယ်။