မြန်မာ ဂျပန် အနာဂတ် စီးပွားရေး

thein_sein_japan_ ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ ဦးသိန်းစိန် ဂျပန်ခရီးစဉ်

သမ္မတ ဦးသိန်းစိန် ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ် အတွင်း ဂျပန် အစိုးရ က မြန်မာနိုင်ငံပေါ် တင်ရှိနေတဲ့ အကြွေးတွေ လျှော်ပစ် သလို၊ အိုဒီအေ ခေါ် ပင်လယ်ရပ်ခြား ထောက်ပံ့မှု နဲ့ ချေးငွေ တွေ နောက်ထပ် ကူညီဖို့ရှိကြောင်း ပြောတဲ့ အတွက် ဂျပန် စီးပွားရေး လုပ်ငန်းရှင်၊ ကော်ပိုရေးရှင်း နဲ့ ကုမ္ပဏီ တွေ ကလည်း မြန်မာနိုင်ငံတွင်း ဝင်ရောက် ရင်းနှီးမြှုပ်နှံ ဖို့ တာဆူနေကြပါပြီ။

ဂျပန်ဘက် က စိတ်ဝင်စားတဲ့ လုပ်ငန်းရပ်တွေ က လုပ်အားခ ချိုသာတဲ့ အထည်ချုပ်လို လုပ်ငန်းတွေ၊ လယ်ယာနဲ့ သီးနှံ စိုက်ပျိုးရေး ၊ ရေနက်ဆိပ်ကမ်း၊ မော်တော်ယာဉ် နဲ့ အပိုပစ္စည်း ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရေး၊ အီလက်ထရောနစ် ပစ္စည်း ထုတ်လုပ်ရေး စတာတွေ ပါဝင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်စိုး က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာ ဘက်က စိတ်ဝင်စားတာ ကတော့ ခေတ်မှီ နည်းပညာရပ်ဆိုင်ရာ နဲ့ စျေးကွက် ကို အခြေခံတဲ့ လုပ်ငန်းတွေ လိုအပ်ကြောင်း ရှင်းပြပါတယ်။ ဒါပေမယ့် ပြည်ပ နဲ့ စီးပွားရေး ဆက်သွယ် လုပ်ကိုင် တော့မယ်ဆိုရင် မြန်မာနိုင်ငံ အနေနဲ့ ကုန်သွယ်ရေး နဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဉပဒေတွေ ပြင်ဆင်ဖို့ လိုအပ်တာရယ်၊ အခြေခံ အဆောက်အအုံ ထဲ ပါဝင်တဲ့ လျှပ်စစ်မီး မှန်မှန် ရရှိရေး၊ နိုင်ငံခြား ငွေကြေးဆိုင်ရာ ဘဏ်လုပ်ငန်း စတာတွေ လည်း လိုအပ်နေပြီး မကြာခင် တိုးတက်ကောင်းမွန်ဖို့ မျှော်လင့်ကြောင်းနဲ့ နိုင်ငံခြား ရင်နှီးမြှုပ်နှံမှု ဉပဒေ ဆိုရင်လည်း မကြာခင် အတည်ပြုဖို့ ရှိတဲ့အကြောင်း တွေကို ဦးမြင့်စိုး ကပြောပြပါတယ်။

ဂျပန်ဘက်က ဘယ်တော့ စပြီး လုပ်နိုင်မလဲ ဆိုတာကတော့ ဂျပန် နိုင်ငံရေး ခေါင်းဆောင် တွေရဲ့ မူဝါဒ ဖော်ဆောင်တာနဲ့ တပြိုင်နက် လုပ်ငန်းရှင်တွေလည်း အလိုလို လိုက်ပါ ဆောင်ရွက်ကြတာမို့ မကြာခင်မှာ စတင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဦးမြင့်စိုးက ရှင်းပြသွားပါတယ်။