တပ်မတော်သား အမတ် ၅၉ ဦးကို အစားထိုး ပြောင်းလဲ

Image caption တပ်မတော်သား လွှတ်တော်အမတ် ၅၉ ဦး စလုံး ဒီကနေ့ လွှတ်တော်မှာ ကျမ်းသစ္စာကျိန်

တနင်္လာနေ့မှာ ပြန်လည် စတင်ခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေမှာ တပ်မတော် သား ကိုယ်စားလှယ် ဟောင်း ၅၉ ဦး ကို တခြား တပ်မတော်သား အသစ်တွေနဲ့ အစားထိုး လိုက်ပါတယ်။

အခုပြောင်းလိုက်တဲ့ တပ်မတော်သား အမတ်တွေ ကတော့ ပြည်သူ့လွှတ်တော်က ၃၉ ဦးနဲ့ အမျိုးသားလွှတ်တော်က အမတ် ၂ဝ ဖြစ်ပါ တယ်။ အနိမ့်ဆုံး ရာထူးက ဗိုလ်မှူးအဆင့် ဖြစ်ပြီး အမြင့်ဆုံးက ဗိုလ်မှူးချုပ် အထိ ပါပါတယ်။

ရေတပ်နဲ့ လေတပ်က ၂ ဦးစီသာ ပါဝင်ပြီး ကျန်သူတွေအားလုံးဟာ ကြည်းတပ်က ဖြစ်ပါ တယ်။ အဲဒီ တပ်မတော်သား လွှတ်တော်အမတ် ၅၉ ဦး စလုံး ဒီကနေ့ လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ကြေညာထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးကို စစ်တပ်က လက်မခံဘူးဆိုတာကို ပြသဖို့ အခုလို တပ်မတော်က အမတ်တွေ အပြောင်းအလဲ လုပ်တာဆိုတဲ့ ဝေဖန် ပြောဆိုသံတွေ လည်းထွက်လာနေပါတယ်။

တပ်မတော်သား အမတ် အသိုင်းအဝိုင်းကတော့ အခုအပြောင်းခံရတဲ့ သူတွေဟာ ရာထူး တက်ဖို့ အတွက် သင်တန်းတက်တဲ့ ပုံစံမျိုးအနေနဲ့ လွှတ်တော်ဘက်ကို ရောက်လာတာလို့ ပြောပါတယ်။

အခုလွှတ်တော်ကို ရောက်လာသူတွေဟာ လာမယ့် တစ်နှစ်လောက်အတွင်းမှာ သင်တန်း တက်စရာ မလိုသေးတဲ့ သူတွေက များတယ်လို့လည်း ပြောပါတယ်။

လသာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးကြည်မြင့်ကတော့ တပ်မတော်သား အမတ်တွေ ဟာ လွှတ်တော်မှာ နိုင်ငံရေး သင်တန်းကျောင်းတက်တဲ့ သဘောလို့ မြင်ကြောင်း ထင်မြင်ချက် ပေးပါတယ်။