ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်တို့ကို NLD ညှိနှိုင်းမယ်

ဓာတ်ပုံ မူပိုင် AP
Image caption နှစ်ဘက်စလုံးက ပြေလည်အောင် ဆောင်ရွက် လိမ့်မယ်လို့ မစ္စတာနမ်ဗီးယားက ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ ကျမ်းကျိန်စာသား ပြောင်းလဲရေး ကိစ္စနဲ့ ပတ်သက်ပြီး အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ် ခေါင်းဆောင်တွေကို ဆက်သွယ် ညှိနှိုင်းပြီး ပြေလည်အောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဗီးယားက ဆက်သွယ် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့တာ ဖြစ်တယ်လို့ မစ္စတာ နန်းဗီးယားက ပြောပါတယ်။

လွှတ်တော်မှာလည်း စစ်တပ်က ကိုယ်စားလှယ်တွေ အများအပြား ပါဝင်နေတာ ဖြစ်လို့ တပ်မတော် ကိုယ်စားလှယ်တွေ အနေနဲ့ကလည်း သူ့ရဲ့ နိုင်ငံရေး အမြင်အပေါ် တကယ့်ကို လက်ခံစဉ်စား နိုင်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား သွားကြောင်း မစ္စတာ နမ်ဗီယားက သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

ဒီကိစ္စကို နှစ်ဘက်စလုံးက ချင့်ချင့်ချိန်ချိန်နဲ့ ပြေလည်အောင် ဆောင်ရွက် နိုင်လိမ့်မယ်ဆိုတာ အတော့်ကို သေချာပါတယ် လို့လည်း မစ္စတာ နန်ဗီးယားက ပြောကြားသွားပါတယ်။

လွှတ်တော်မှာ ကျမ်းကျိန်တဲ့အခါ အခြေခံဥပေဒကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားလုံး အစား လေးစားလိုက်နာပါမည်လို့ ပြောင်းလဲပေးဖို့ NLD က တောင်းဆိုထားတာ ဖြစ်ပါတယ်။