ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ခရီးစဉ်

westerwelle
Image caption ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး Guido Westerwelle

ဂျာမန် နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle က မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားရောက် တွေ့ဆုံ ဆွေးနွေး ကြီး ပြည်တွင်းပြည်ပ သတင်းထောက် တွေ နဲ့ပါ ဒေါ်အောင်ဆန်းစုကြည် ခြံဝင်း ထဲမှာ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ မြန်မာပြည်သူ တွေရဲ့ လွတ်လပ်မှု နဲ့ လူ့အခွင့်အရေး ရယ်၊ ပြည်တွင်း မှာ ငြိမ်းချမ်းစွာ ပြုပြင်ပြောင်းလဲမှု အတွက် မဆုတ်မနစ် ကြိုးပမ်းမှု တွေကို နိုင်ငံတကာ က လေးစား အားကျ သလို၊ ဂျာမနီ နိုင်ငံကလည်း လေးစားတဲ့ အကြောင်း ဂျာမန် နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ပြောသွားပါတယ်။

ဒါကြောင့်မို့ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှု အရ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်လာရေး နဲ့ ပြည်သူတွေ အနေနဲ့ လည်း အခြေခိုင်တဲ့ ဒီမိုကရေစီ အနှစ်သာရ၊ လွတ်လပ်မှု နဲ့ တရားဉပဒေ စိုးမိုးရေး စတာတွေ ခံစားနိုင်အောင် ဂျာမနီ အစိုးရ က အားပေး ထောက်ခံမှု ပြုပေးမယ့် အကြောင်း Mr Westerwelle ကပြောပါတယ်။

သာမန် ပြည်သူတွေရဲ့ အဓိက လိုအပ်ချက်တွေ ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ရေ နဲ့ လျှပ်စစ် ရရှိရေး စတဲ့ အခြေခံ အဆောက်အအုံ နဲ့ လေ့ကျင့် သင်တန်းပေးမှု တွေပါ အကူအညီပေးမယ် လို့ နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း မြန်မာနိုင်ငံ နဲ့ ဂျာမနီ နိုင်ငံ ဟာ အရင်ကတည်းက နီးစပ်တဲ့ ဆက်ဆံမှု ရှိခဲ့တဲ့ အတွက် အခုလို အခြေခိုင်တဲ့ အနာဂတ် ဖန်တီးခွင့် ကို ဂျာမနီ နိုင်ငံက ကူညီပံ့ပိုးမှု ပြုမယ်ဆိုလို့ မြန်မာပြည်သူတွေ နဲ့ အတူ ထပ်တူထပ်မျှ ကျေးဇူးတင်ကြောင်း ပြောသွားပါတယ်။

နှစ်နိုင်ငံ ကြား စီးပွားရေး ရင်နှီးမြှုပ်နှံမှု နဲ့ ပတ်သက်လို့ တော့ ရင်နှီးမြှုပ်နှံမှု ဆိုင်ရာ မှန်ကန်တဲ့ ဉပဒေတွေ ပေါ်ပေါက်တာနဲ့ အမျှ ဂျာမနီ နိုင်ငံ အပါအဝင် နိုင်ငံတကာ ရင်းနှီးမြှပ်နှံသူတွေ ရော မြန်မာ ပြည်သူတွေ ပါ အကျိုးကျေးဇူး ရှိနိုင်မယ့် စီးပွားရေး တွေ ဉီးစားပေး လုပ်ကိုင်မယ် လို့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ကရော ဒေါ်အောင်ဆန်းစုကြည် ကပါ သတင်းထောက်တွေ အမေး ကို ဖြေကြားသွားပါတယ်။