စစ်တွေမြို့ နာဇီရွာဈေးက စျေးသည်တွေ ဆန္ဒပြ

ဓာတ်ပုံ မူပိုင် imyanmargo
Image caption စျေးသည်တွေဟာ ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ခွင့် မရလို့ စည်ပင်ရုံးကို ဆက်ချီတက်

စစ်တွေမြို့ နာဇီရွာဈေးက ဈေးသည်တွေဟာ တနင်္ဂနွေနေ့ မနက်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အိမ်ထိ သုံးဘီးတွေနဲ့ ချီတက်ပြီး သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုမူတွေ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။

အာဏာပိုင်တွေက စျေးကောက် ကောက်ရာမှာ စျေးဆိုင်ခန်း တခန်းကို ၁၀၀၀ ကျပ်၊ မုန့်တီ ဆိုင်ကို ၇၀၀ ကျပ်နဲ့ ကောက်ညှင်ပေါင်း တတောင်းကို ၅၀၀ ကျပ်နှုန်း ကောက်ခံ နေတာကြောင့် စျေးသည်တွေက မပေးနိုင်လို့ ဖြေရှင်းပေးဖို့အတွက် အခုလို ဝန်ကြီးချုပ် အိမ်အထိ သွားရောက် တောင်းဆိုရတာဖြစ်ကြောင်း စျေးသည်တဦးက ဘီဘီစီကို ပြောပါတယ်။

စျေးသည်ပေါင်း ၆၀ လောက် သွားရောက် တောင်းဆိုပေမယ့် ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ခွင့် မရတာကြောင့် မြို့နယ်စည်ပင် ဦးစီးရုံးကို သုံးဘီးကားတွေနဲ့ ဆက်လက်ချီတက်ကာ သူတို့ အခက်အခဲတွေကို ဖြေရှင်းပေးရေး ဆက်လက်တောင်းဆိုခဲ့ပါတယ်။

မြို့နယ်စည်ပင်ရုံးမှာတော့ ဌာနဆိုင်ရာ လူကြီးတွေက သူတို့ကို တွေ့ဆုံပြီး၊ ဒီကိစ္စကို ဖြေရှင်း ပေးမယ့် အကြောင်း ကောင်းမွန်စွာ ပြန်လည် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အနှံ့အပြားမှာ အခွန်အကောက်တွေ ကြီးမြင့်နေတာကြောင့် ပြည်သူတွေအနေနဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပေမဲ့၊ အခုလို ပြည်နယ်ဝန်ကြီးချုပ်အိမ် အထိ ချီတက်ပြီး ဝိုင်းဝန်း တောင်းဆို တာကတော့ အခုအကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။