ဒီကေဘီအေ သတင်းစာရှင်းလင်းပွဲ

_sawhlapwe ဓာတ်ပုံ မူပိုင် bbc
Image caption ဗိုလ်ချုပ်စောလှပယ်

ထိုင်းနိုင်ငံက မူးယစ်ဆေးဝါးနဲ့ ဖမ်းဝရမ်း ထုတ်ပြီး ဆုငွေ ဘတ် ၁ သန်းထုတ် ထားတဲ့ ဒီကေဘီအေ ကလိုထူးဘော ခေါင်းဆောင် ဗိုလ်ချုပ်နှုတ်ခွမ်းမွှေး ခေါ် စောလှပယ်က သူဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ခြင်း မရှိဘူးလို့ ပြည်တွင်း၊ ပြည်ပ သတင်းထောက်တွေကို မနေ့မနက်ပိုင်း က ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရဲ့ တောင်ဘက် ကလို့ထူးဘော ဌာနချုပ် မှာ သတင်းစာ ရှင်းလင်းပွဲ ပြု လုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်နှုတ်ခမ်းမွေးပြောဆိုချက်ကို ထိုင်းဘက်က ပယ်ချလိုက်ပါတယ်။

ဗိုလ်ချုပ်နှုတ်ခမ်းမွှေး က သူထိန်းချုပ်ထားတဲ့ နယ်မြေ ကနေ မူးယစ်ဆေးဝါး သယ်ဆောင်တာတွေ တော့ ရှိခဲ့ဘူးပေမယ့် သူ့အနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ရောင်းဝယ်မှုတွေနဲ့ ပတ်သက်ခဲ့ခြင်း မရှိဘူးလို့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြားခဲ့ပါတယ်။ တိကျခိုင်လုံမှု မရှိဘဲ သူကို ထိုင်းနိုင်ငံ က စွပ်စွဲ ထားတာဖြစ်တယ် လို့ ပြောပါတယ်။ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့က သူ့နယ်မြေအတွင်း မှာ တရားဝင် လာရောက် လေ့လာ လို့ရတယ်လို့ ပြောကြား ပါတယ်။

ဗိုလ်ချုပ်နှုတ်ခမ်းမွှေးရဲ့ပြောကြားချက်ကို ထိုင်းဘက် က ပယ်ချလိုက်ပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတာဝန်ခံ ဒုတိယ ဝန်ကြီးချုပ် ခလုံမ် ယူဘမ်းလုန်းက သတင်းထောက်တွေကို ပြောကြား ခဲ့ရာမှာ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးကို ထိုင်းဥပဒေအတိုင်း ဆောင်ရွက်ထားတာဖြစ်တယ်။ သက်သေ အထောက်အထားခိုင်လုံလို့ သူ့ကို ၂ဝဝ၃ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ကတည်းက တရားရုံးခွင့်ပြုချက်နဲ့ ဖမ်းဝရမ်း ထုတ်ထားတာ ဖြစ်တယ်။ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးအနေနဲ့ သူ့ မှာအပြစ်မရှိဘူး ဆိုရင် သက်သေအထောက်အထားနဲ့ တကွ ရှေ့နေက တဆင့် ထိုင်းတရားရုံးကို ဉီးတိုက် လျှောက်ထားခွင့် ရှိတယ်လို့ ဘီဘီစီ ကိုပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးကိုဖမ်းပေးဖို့အတွက် ထိုင်းမူးယစ်ဆေးဝါးဌာနက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် တောင်းခံထားပြီးပြီ လို့ ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဌာနက ဒုတိယအတွင်းရေးမှူး စူခုမ် အိုးဖတ်နိဖတ် က ဘီဘီစီ ကို ပြောပါတယ်။