သမ္မတရုံး သတင်းပြန်ကြားရေးဌာန ဝက်ဘ်ဆိုဒ်ဖွင့်လှစ်

ဓာတ်ပုံ မူပိုင် president
Image caption သမ္မတ လမ်းညွှန်ချက်အတိုင်း သတင်း ချက်ခြင်း ထုတ်ပြန်နိုင်ရေး အတွက်ရည်ရွယ်

မြန်မာနိုင်ငံမှာ နိုင်ငံတော် သမ္မတရုံး သတင်း ပြန်ကြားရေးဌာန အင်တာနက် ဝက်ဘ်ဆိုဒ် ကို သောကြာနေ့မှာ တရားဝင် ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။

ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရ ဖြစ်ရေး ဆိုတဲ့ သမ္မတရဲ့ လမ်းညွှန်ချက်အတိုင်း ချက်ခြင်း သတင်းထုတ်ပြန်နိုင်ရေး အတွက် ဒီအင်တာနက် စာမျက်နှာကို ရည်ရွယ် ဖွင့်လှစ်တာ ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ရေးသားထားတဲ့ ဒီဝက်ဘ်ဆိုဒ်မှာ အချိန်နဲ့ တပြေးညီ သတင်းတွေကို မြန်မာနဲ့ နိုင်ငံတကာက ချက်ခြင်း သိရှိစေမှာ ဖြစ်ပြီး၊ ကောလဟာလ သတင်းမှားတွေရှိခဲ့ရင်လည်း ဒီကနေ သတင်းမှန်တွေကို ထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

သမ္မတရုံးအတွက် ပြောရေးဆိုခွင့်ရှိသူကိုလည်း တရားဝင်ခန့်အပ်ထားမှာ ဖြစ်ပြီး၊ သတင်း မီဒီယာတွေအနေနဲ့ သိချင်တာရှိရင် အဲဒီသူနဲ့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။

အများပြည်သူတွေအနေနဲ့ ဒီစာမျက်နှာကနေတဆင့် အမြင်သဘောထားတွေ ပေးနိုင်အောင် လည်း စီစဉ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင်ကတည်း ဒီဝက်ဘ်ဆိုဒ်ကို ပြင်ဆင်ခဲ့တာ ဖြစ်ပြီး၊ မေလ ၉ ရက်နေ့ ကြမှ စတင် စမ်းသပ် ဖွင့်ခဲ့တာ ဖြစ်ကြောင်းနဲ့ အခုမှ တရားဝင် ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီကနေ့ သောကြာနေ့မှာ ပြုလုပ်တဲ့ သမ္မတရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အကြောင်းကို အခု ဝက်ဘ်ဆိုဒ် အသစ်မှာ ချက်ခြင်းဆိုသလို တင်ခဲ့တာကြောင့် တချို့ မီဒီယာတွေကတောင် ဒီဝက်ဘ်ဆိုဒ် သတင်းကို ကိုးကားပြီး ရေးသား ဖေါ်ပြကြပါတယ်။