ပြည်ပရောက် မြန်မာတွေ ပြန်လာဖို့ သမ္မတ ထပ်တိုက်တွန်း

ဓာတ်ပုံ မူပိုင် president office
Image caption ပြည်တွင်း ပြန်လာဖို့ အခက်တွေ့ရင် ဖြေရှင်း ပေးမယ် လို့ သမ္မတ ဦးသိန်းစိန်ပြော

မြန်မာ သမ္မတရုံးမှာ သောကြာနေ့က ကျင်းပခဲ့တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်က တိုင်းပြည်ပြုပြင် ပြောင်းလဲ တိုးတက်ရေးအတွက် ပြည်ပရောက် မြန်မာ ပညာရှင်တွေ၊ ဘာသာရပ် ကျွမ်းကျင်သူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေသာမက အလုပ်မျိုးစုံ သွားရောက် လုပ်ကိုင်နေကြသူတွေကို နိုင်ငံ တိုးတက်ရေးအတွက် ပြည်တွင်းကို ပြန်လာကြဖို့ ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်။

အဲဒီလို ပြန်လာဖို့ နဲ့ လုပ်ငန်းလုပ်ဖို့ အခက်အခဲ တွေ ရှိနေရင်လည်း နိုင်ငံတော်က စီစဉ် ဖြေရှင်းပေးသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောသွားပါတယ်။

ဒါဟာ ပြည်ပရောက် မြန်မာတွေ မြန်မာနိုင်ငံထဲ ပြန်လာကြဖို့ သမ္မတ ဦးသိန်းစိန်က ဒုတိယ အကြိမ် ထပ်မံ ဖိတ်ခေါ်လိုက်တာပါ။

ဒါပေမယ့်လည်း တကယ်တမ်းမှာ မြန်မာနိုင်ငံထဲ ပြန်လာချင်သူ မြန်မာ အတော်များများ အနေနဲ့ သံရုံးမှာ ဗီဇာ လျှောက်ထားကတည်းကိုက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံထဲ ပြန်ဝင်ဖို့ ဗီဇာ ထုတ်ပေးတာက နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမှုအခင်း ရှိမရှိ ဆုံးဖြတ်တာက ပြည်ထဲရေး ဝန်ကြီးဌာန၊ မှတ်ပုံတင် ကိစ္စနဲ့ ဆိုင်တာက လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ဖြစ်နေတာမို့ ဒီဝန်ကြီးဌာန သုံးခု ပူးပေါင်းဆောင်ရွက်မှ မြန်မာတွေ ပြည်တွင်း ပြန်လာရေး အဆင်ပြေမှာ ဖြစ်တယ်လို့ မကြာသေးခင်က မြန်မာနိုင်ငံကို ခေတ္တ ပြန်သွားခဲ့သူ ထိုင်းအခြေစိုက် ဗဟု ဖွံ့ဖြိုးမှု အဖွဲ့က အကြီးတန်းအရာရှိ ဦးအောင်သူငြိမ်းက ဘီဘီစီကို ပြောပါတယ်။

တခါ ဗီဇာ လျှောက်ဖို့ သံရုံးမှာ ဖောင်ဖြည့်ရာမှာ ဗြူရိုကရေစီ နည်းဟောင်းအတိုင်း ဆွေစဉ် မျိုးဆက် စာရင်းပါ စာမျက်နှာ ၉စောင်လောက်ရှိတဲ့ ဖောင်တွေကို ဖြည့်ရတဲ့ အခက်အခဲတွေ ရှိနေသေးဆဲပဲလို့ ပြောပါတယ်။

ခုချိန်ထိ မတရားသင်း ဥပဒေ ဆိုတာ ရှိနေပြီး black list ဆိုတာလည်း ရှိနေသေးတာမို့ နိုင်ငံရေး လုပ်ခဲ့ဘူးသူတွေ၊ နယ်စပ် အဖွဲ့အစည်းတွေမှာ ပါဝင်ခဲ့ဖူးသူတွေ အနေနဲ့ မြန်မာ နိုင်ငံထဲ ပြန်လာဖို့ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။

စီးပွားရေး ပြန်လာလုပ်မယ့်သူတွေကို Business Visa ထုတ်ပေးသင့်ကြောင်းနဲ့ တည်းခိုခန်းတွေအစား ကိုယ့်မိဘဆွေမျိုး အိမ်မှာ ကိုယ်တည်းခိုခွင့် ပြုသင့်ကြောင်း ဦးအောင်သူငြိမ်း က ဘီဘီစီကို ပြောပါတယ်။