နယ်စပ် ငြိမ်းချမ်းရေး တရုတ် ကူညီဖို့ ဦးသိန်းစိန်ပြော

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို ကော်မီတီရဲ့ နိုင်ငံရေး ဗျူရို အဖွဲ့ဝင် မစ္စတာ ဝမ်ဂမ်း Wang Gang ခေါင်းဆောင်တဲ့ အဖွဲ့ မြန်မာ နိုင်ငံကို ရောက်ရှိ လာခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar President Website
Image caption နယ်စပ် တည်ငြိမ် အေးချမ်းဖို့ နှစ်နိုင်ငံစလုံး လိုလားတယ်လို့ ပြော

တရုတ် ကွန်မြူနစ် ပါတီ အတွင်းမှာ ဒုတိယ အဆင့် ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ မစ္စတာ ဝမ်ဂမ်းဟာ သမ္မတ ဦးသိန်းစိန်နဲ့ တနင်္လာနေ့ မနက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ ပါတယ်။

သူဟာ တရုတ်ပြည်ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တွေကို ချတဲ့ တရုတ် ကွန်မြူနစ် ပါတီရဲ့ ၂၅ ယောက် ပါတဲ့ ပေါ်လစ်ဗျူရို မှာ အဖွဲ့ဝင် တစ်ယောက် ဖြစ်ပေမဲ့ တကယ့် ထိပ်သီး ခေါင်းဆောင် စာရင်းထဲမှာ မပါသလို အမြင့်ဆုံး အာဏာ ရှိသူ ကိုးယောက် ထဲမှာလည်း မပါဝင်ဘူးလို့ ဘီဘီစီ တရုတ် ဘာသာ အစီအစဉ် က ချိုင်းနား ဒေါ့ကွန်းရဲ့ အယ်ဒီတာ ယူဝမ်က ပြောပါတယ်။

သူဟာ တရုတ်အစိုးကို အကြံပေး နေတဲ့ အကြံပေး အဖွဲ့ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်ပြီး အခု အချိန်မှာက မြန်မာပြည်ကို နိုင်ငံတကာက ခေါင်းဆောင်တွေက သွားနေကြ တာကြောင့် တရုတ်ကလည်း သွားတာ ဖြစ်တယ်လို့ သူက ဆက်ပြော ပါတယ်။

မစ္စတာ ဝမ်ဂမ်း နဲ့ တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန် က တရုတ် နိုင်ငံ ခေါင်းဆောင် တွေနဲ့ တရုတ် ပြည်သူတွေ အနေနဲ့ နှစ်နိုင်ငံ နယ်စပ် ဒေသ တည်ငြိမ် အေးချမ်းရေး ကို လိုလားတဲ့ အတိုင်း မြန်မာ နိုင်ငံ ကလည်း နယ်စပ်မှာ အေးချမ်းအောင် ကြိုးပမ်း နေတယ်လို့ ပြောပါတယ်။

အဲဒီ အတွက် တရုတ် နိုင်ငံ ဘက်က လည်း ဝိုင်းဝန်း ကူညီ ပံ့ပိုး ပေးစေလိုတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ ပါတယ်။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားမှာ မြစ်ဆုံ စီမံကိန်း ကို မြန်မာ ဘက်က ရပ်တန့် လိုက်တဲ့ ကိစ္စကို တရုတ်ဘက်က ကျေနပ်မှု မရှိဘူးလို့လည်း ယူဝမ်က ပြောပါတယ်။ မြန်မာ နိုင်ငံမှာ တရုတ်ဟာ အဓိက ရင်နှီး မြှုပ်နှံသူ နေရာမှာ ရှိချင်တာကတော့ သေချာတယ်လို့ လည်း ယူဝမ်က ပြောပါတယ်။

မစ္စတာ ဝမ်ဂမ်း ရဲ့ ဂျော်ဒန်၊ အိုင်ယာလန်၊ နမ်မီးဘီးယားနဲ့ မြန်မာ စတဲ့ လေးနိုင်ငံ ခရီးစဉ် ပြုလုပ်ဖို့ ရှိရာမှာ လောလောဆယ် မြန်မာ နိုင်ငံကို ရောက်နေတာ ဖြစ်ပါတယ်။