လူထုအားနဲ့ ကျောင်းသားသမဂ္ဂ ဆောက်မယ်

ရန်ကုန်တက္ကသိုလ်ကို ဂုဏ်ရောင် ထွန်းပြောင်တဲ့ တက္ကသိုလ်အဖြစ် ပြန်တည်ဆောက်ဖို့ သမ္မတ ဉီးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေး ဆရာ ဒေါက်တာ ဉီးမြင့်က ပြည်သူ့ထံ အိတ်ဖွင့် ပေးစာ ဆိုပြီး ထုတ်ဖော် ပြောဆို လိုက်တာကို ၈၈ မျိုးဆက် ကျောင်းသားတွေက ဆန္ဒတူညီတဲ့ သဘောထား ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရန်ကုန်တက္ကသိုလ်ဟာ နိုင်ငံရေးတန်ဖိုး၊ သမိုင်း တန်ဖိုး၊ လူမှုရေးတန်ဖိုး ကြီးတယ်လို့ ဆိုသူ

သူတို့တွေက အကျဉ်းထောင်ထဲက ပြန်လွတ်လာပြီးနောက် တက္ကသိုလ် ပရဝုဏ်ကို ပြန်ရောက်တိုင်း ခံစားရတယ်၊ ရန်ကုန် တက္ကသိုလ်ကြီးဟာ နိုင်ငံရေး၊ သမိုင်းတန်ဖိုး၊ လူမှုတန်ဖိုးတွေ သိပ်ကြီးတယ်၊ တက္ကသိုလ်ကြီး ပြန်တည်ထောင်ဖို့ဆိုတာ အမျိုးသားရေး တာဝန်တရပ်လို အရေးကြီးတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဉီးဖြစ်သူ ကိုကိုကြီးက ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့ခေတ် တက္ကသိုလ်ကျောင်းသားတွေဟာ တက္ကသိုလ် အငွေ့အသက်ကို မရဘဲ လယ်ကွင်းခေါင်ခေါင်ထဲ သွား၊ အဝေးကြီး သွားလာနေရလို့ လမ်းပေါ်မှာ အသက်ကြီးနေကြရလို့ စိတ်မကောင်းတဲ့ အကြောင်းလည်း သူက ပြောပါတယ်။

တချိန်တခါက ရန်ကုန်တက္ကသိုလ်ထွက်တွေဟာ နိုင်ငံတကာ အဆင့်မီတဲ့ ပညာရှင်တွေ ဖြစ်သလို အိမ်နီးချင်း နိုင်ငံတွေက လေးစားကြရတယ်၊ ဒီနေ့ခေတ် တက္ကသိုလ် ကျောင်းထွက်နေတဲ့ နှိုင်းယှဉ်ကြည့်ရင် သိသာတယ်လို့လည်း ကိုကိုကြီးက ထောက်ပြပါတယ်။

ဧရာဝတီ မြစ်ဆုံ စီမံကိန်းကို လူထုအားနဲ့ တောင်းဆို ရပ်ဆိုင်းလိုက်သလိုမျိုး ရန်ကုန်တက္ကသိုလ်ကို အဆင့်မီ တက္ကသိုလ်ကြီးအဖြစ် လူထုရဲ့ အင်အားနဲ့ ပြန်လည် တည်ဆောက်ဖို့အတွက် ဆရာ ဉီးမြင့်က တောင်းဆိုသလို လုပ်သင့်တဲ့ အကြောင်းလည်း သူက ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသား သမဂ္ဂ အဆောက်အဉီနဲ့ ကျောင်းသား သမဂ္ဂ ပြန်လည် ပေါ်ပေါက်လာရေးဟာ အရေးကြီးတယ်၊ ဒါဟာ အမျိုးသား ပြန်လည် စည်းလုံးစေဖို့ အတွက်လည်း ဖြစ်တယ်ဆိုတဲ့ ဆရာ ဉီးမြင့်ရဲ့ ပြောကြားချက်ဟာ အရေးကြီးတယ်လို့လည်း ကိုကိုကြီးက ပြောပါတယ်။

ဒီ သမဂ္ဂ အဆောက်အဉီ ပေါ်ပေါက်ရေးအတွက် ပြည်သူ လူထုနဲ့အတူ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်က ဘီဘီစီကို ပြောပါတယ်။