မန္တလေး မီးမလာလို့ ဆန္ဒဆက်ပြ

electricity
Image caption လျှပ်စစ်မီး ပုံမှန် ရဖို့ ဆန္ဒပြကြ

မန္တလေး မှာ လျှပ်စစ်မီး ရရှိရေး အတွက် တိုင်းလျှပ်စစ်ရုံး ရှေ့မှာ ဒုတိယည ဆက်ပြီး ဆန္ဒပြ နေကြပါတယ်။

ည ၈ နာရီ ခန့်မှာ နေရာ ၂ ခုမှာ ဖယောင်းတိုင် တွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထား ကြသူတွေက ဆန္ဒ ထုတ်ဖော် ခဲ့ကြတာပါ။

မြို့ခံ လူထု များသလို လုံခြုံရေးလဲ အပြည့် ရှိတယ်လို့ သိရပါတယ်။

မန္တလေးသား ကိုစိုးကတော့ လျှပ်စစ်မီး ပုံမှန် ရဖို့ ဆန္ဒပြ တာသာ ဖြစ်တယ်၊ အာဏာပိုင်တွေ ဘက်က စောင့်ကြည့်တာမျိုး ရှိပေမယ့် ပြဿနာ မရှိဘူးလို့ ဆိုပါတယ်။

မနေ့ နေ့လယ်က ပြည်ထောင်စု လျှပ်စစ် စွမ်းအား ဒုတိယဝန်ကြီး ဦးအောင်သန်းဦး ကိုယ်တိုင် မန္တလေး တိုင်းရုံးမှာ သတင်းစာ ရှင်းပွဲ လုပ်ခဲ့ ပါတယ်။

ရေအား လျှပ်စစ် အတွက် ရေကာတာ တွေမှာ ရေဝင်နည်း သွားတာနဲ့ ဓာတ်အားတိုင်တွေ ဖောက်ခွဲ ခံရတာကို ဌာနဆိုင်ရာ တွေက အကြောင်းပြ ခဲ့ပေမယ့် တရုတ် နိုင်ငံကို မြန်မာ အစိုးရက ရေအား လျှပ်စစ် ရောင်းချ နေသလို စက်ရုံ ၄၅ ရုံ တည်ဆောက် လည်ပတ်ဖို့လဲ စိုင်းပြင်း နေပါပြီ။

မြန်မာ နိုင်ငံ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဟာ လျှပ်စစ်မီး ပုံမှန် မရဘဲ နေနေရတယ်လို့ အာရှ ဖွံ့ဖြိုးရေး ဘဏ်က လေ့လာ တွေ့ရှိပါတယ်။