ဂျပန်က WFP ကတဆင့် မြန်မာကို ဆယ်သန်းလှု

WFP ဓာတ်ပုံ မူပိုင် BBC World Service
Image caption WFP ရဲ့ ဘတ်ဂျက် ဒေါ်လာ နှစ်ဆယ့်လေးသန်းထိ ရှိလာ

ဂျပန် အစိုးရက မြန်မာ နိုင်ငံအတွက် WFP ကမ္ဘာ့ စားနပ် ရိက္ခာ အဖွဲ့ကတဆင့် ဒေါ်လာ ဆယ် သန်းကျော် လှုဒါန်းခဲ့ပါတယ်။

ချင်းပြည်နယ်၊ ရခိုင် ပြည်နယ် မြောက်ပိုင်းနဲ့ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တွေမှာ စားနပ် ရိက္ခာ အခက်အခဲ ရှိနေသူတွေကို ထောက်ပံ ကူညီပေးနေတယ်လို့ စားနပ်ရိက္ခာ အဖွဲ့ ဒါရိုက်တာက ဘီဘီစီကို ပြောပြပါတယ်။

အထူးသဖြင့် အခြေခံ အဆောက်အဉီ မရှိတဲ့ နေရာတွေ၊ မြေပြို ရေတိုက်စား ခံရလို့ ထွန်ယက် စိုက်ပျိုးဖို့ အခက်အခဲ ရှိတဲ့ နေရာတွေမှာ လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ ပေးနေပါတယ်။

ဒေသ အခြေအနေကို လိုက်ပြီး လုပ်ငန်း သဘာဝ အပြောင်းအလဲတွေ ရှိပြီး WFP အနေနဲ့ မြန်မာ နိုင်ငံအတွင်း လုပ်ငန်း လုပ်ဆောင်နေတဲ့ နေရာတွေကို အခက်အခဲ မရှိ သွားလာ လုပ်ကိုင်နိုင်တယ်လို့ ပြောပါတယ်။

ဂျပန်က ထောက်ပံ့ငွေ အပါအဝင် WFP ရဲ့ ဘတ်ဂျက် စုစုပေါင်းဟာ ဒေါ်လာ နှစ်ဆယ့် လေးသန်း ရှိသွားပြီလို့ သတင်းရရှိပါတယ်။