ရခိုင် မှ ရေအားလျှပ်စစ်စီမံကိန်း

bbc river ဓာတ်ပုံ မူပိုင် bbc
Image caption ရေအားလျှပ်စစ် စီမံကိန်း

မြန်မာနိုင်ငံ အနောက်ဖက် ဒေသ မှာတည်ဆောက်မယ့် အကြီးဆုံး လေးမြို့ ရေအားလျှပ်စစ် စီမံကိန်း စတင် အကောင်အထည် ဖေါ်တာနဲ့ အမျှ ချင်းရွာတွေ နဲ့ ရခိုင် ကျေးရွာ တရာ နီးပါးခန့် ပြောင်းရွေ့ ရမယ့် အခြေအနေ ရင်ဆိုင်နေရပါတယ်။

မီဂါဝပ် ၅ဝဝ ခန့် ထုတ်လုပ် နိုင်မယ့် လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်း ကို ချင်းပြည်နယ် ပလက်ဝ မြို့နယ် ခဘွေချေ ကျေးရွာ အနီးမှာ စတင် အကောင် အထည် ဖေါ်နေတဲ့ အကြောင်း ဒေသခံ တွေက ဘီဘီစီ ကို ပြောပါတယ်။ ဒီနေရာမှာ မှတ်တိုင်တွေ ကို တရုတ် အင်္ဂျင်နီယာ တွေနဲ့ မြန်မာ အင်္ဂျင်နီယာတွေ စိုက်ထူ နေကြတဲ့ အကြောင်း၊ အလုပ်သမား တွေ အတွက် နေရာထိုင်ခင်း အဆောက်အဉီး တွေပါ စတင် ဆောက်လုပ် နေတဲ့ အကြောင်း၊ ဒေသခံ တွေလည်း နေရာရွှေ့ပြောင်း ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေ လာပြောတာကို ရှင်းပြကြပါတယ်။

ချင်းပြည်နယ် အစိုးရ အဖွဲ့က တာဝန်ရှိ လူကြီးတဉီး ကိုယ်တိုင် ကျေးရွာ အသီးသီး က လူကြီး တွေ ဖိတ်ခေါ်ပြီး မြစ်ကမ်းဘေးရှိ ရွာတွေ တောင်ပေါ် ပြောင်းဖို့ လာပြောတါပါ။ ပြောင်းရွှေ ရမယ့် အချိန်ကာလ တော့ ပြောမသွားပါဘူး။ ရေအား လျှပ်စစ်စီမံကိန်း တည်ဆောင်မယ့် နေရာ အပေါ်ပိုင်း နဲ့ အောက်ပိုင်းရှိ ချင်းနဲ့ ရခိုင် ကျေးရွာ တွေ အကျုံး ဝင်နေပါတယ်။

ဒီနေရာ ကို သွားရောက် လေ့လာခဲ့တဲ့ မြောက်ဉီး ဒေသခံ က အဆိုပါ လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းက ထုတ်ယူ ရရှိမယ့် လျှပ်စစ်ဓါတ်အား ကိုလည်း ဒေသဖွံ့ဖြိုးရေး အစား ပြည်ပ ကို တင်ပို့မယ့် သတင်းတွေကြောင့် ရွာခံတွေ စိတ်ပူ နေပုံ ဘီဘီစီ ကို ရှင်းပြပါတယ်။