အိုင်ဒီပီ ပြန်လည်နေရာ ချရေး

burmese_refugee_
Image caption မြန်မာ စစ်ပြေးဒုက္ခသည်များ

ပဲခူးတိုင်း ကျောက်ကြီး ဒေသမှာ ရှိတဲ့ အိုင်ဒီပီ ခေါ် စစ်ဘေး စစ်ဒဏ် ကြောင့် ပြည်တွင်းမှာ ရွှေ့ပြောင်း နေထိုင်သူ တွေ ကို ပြန်လည် နေရာ ချထားရေး အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း အဖွဲ့က ကရင် ပြည်နယ် တာဝန်ခံ လူဝန်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီး ဉီးခင်ရီ၊ KNU စစ်ရေး ကော်မတီ အတွင်းရေးမှူး ဉီးထူးထူးလေး အပါအဝင် နော်ဝေ အစိုးရ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး တို့ ကျောက်ကြီးမြို့ မှာဆွေးနွေး ခဲ့ပါတယ်။

KNU တပ်မဟာ ၃ နယ်မြေ ကျောက်ကြီး မြို့နယ်မှာ ရှိတဲ့ ကျေးရွာ အုပ်စု က အိုင်ဒီပီ ခေါ် စစ်ဘေးစစ်ဒဏ်ကြောင့် ပြည်တွင်းမှာ ရွှေ့ပြောင်း နေထိုင်သူ တွေ ကို ရှေးဉီး အစမ်းပျိုး ပိုင်းလော့ အစီအစဉ် အရ ညှိနှိုင်းပုံ၊ ငြိမ်းချမ်းရေး အစီအစဉ်ပါ မိသားစု ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ် အရ ဖေါ်ဆောင်ပေးရာ တွင် လူဉီးရေ နှစ်ထောင် နီးပါးရှိ ပုံ ကို ဝန်ကြီး ဉီးခင်ရီ က ဘီဘီစီ ကို ရှင်းပြပါတယ်။

အဆိုပါ ကျေးရွာသားတွေ ကို နိုင်ငံသား အသိအမှတ် ပြုတဲ့ မှတ်ပုံတင် ထုတ်ပေးလိုက်ကြောင်းလည်း ဝန်ကြီး ဉီးခင်ရီ က ရှင်းပြပါတယ်။ ဒါကြောင်မို့ KNU နဲ့ ငြိမ်းချမ်းရေး ပြုလုပ်နေချိန် မှာ ပထမဆုံး အောင်မြင်မှု အဖြစ် သတ်မှတ်နိုင်ကြောင်းလည်း ပြောပါတယ်။

ပြန်လည် နေရာချထား ရာမှာ မူလ နေထိုင်ရာ ကို ပြန်သွားလိုသလား၊ နေရာသစ် မှာ အခြေချ နေထိုင်လိုသလား၊ သိန်းဂဏန်းချီ ပြီးရှိနေကြတဲ့ ရွာပြေး ရွာရှောင် တွေ အရေး ကို နောက်ပိုင်းမှာ စဉ်းစားပေးမယ် လို့လည်း သိရပါတယ်

ဒီနယ်မြေ တွေမှာ မြေမြုပ်မိုင်း တွေလည်း ရှိနေတဲ့ အတွက် အဆိုပါ အရေး ပူးပေါင်း ဖြေရှင်းဖို့ လိုသေးကြောင်း အပြင် ကြောင့်ကျမှု ကင်းစွာ နေထိုင် နိုင်ရေး ထည့်သွင်းစဉ်းစား မယ့် အကြောင်းလည်း ဆွေးနွေးဖြစ်ကြောင်း လည်း ဝန်ကြီး ဉီးခင်ရီ က ရှင်းပြပါတယ်။