ရခိုင်တိုင်းရင်သား ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံ ကျင်းပ

Sittew Port
Image caption စစ်တွေမြို့ ဆိပ်ကမ်း

RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီရဲ့ ပထမဆုံး အကြိမ် ပါတီ ညီလာခံ ဒုတိယမြောက် နေ့ကို ကြာသပတေးနေ့က ကျင်းပခဲ့ပါတယ်။

စစ်တွေမြို့ ပညာ လင်္ကာရ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပနေတဲ့ သုံးရက်ကြာ ပါတီ ညီလာခံမှာ ပါတီ ပြန်လည် ဖွဲ့စည်းရေးနဲ့ မူဝါဒ ရေးရာ တွေ အပြင် အကြောင်းချင်းရာ အများ အပြားကို ဆွေးနွေးခဲ့ကြ ပါတယ်။

RNDP ပါတီက DED လို့ အတိုကောက် ခေါ်တဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး၊ တိုင်းရင်းသားများ သာတူညီမျှ ရရှိရေးနဲ့ ဒီမို ကရေစီရေး လမ်းကြောင်းကို ရောက်အောင် လျှောက်လှမ်းရေး စတဲ့ အချက် သုံးချက်ပါ မူဝါဒတွေ ကို ချမှတ်ထားပြီး ဖြစ်ပါတယ်။

အဲဒီ မူဝါဒ တွေထဲမှာ စစ်မှန်တဲ့ ပြည်ထောင်စု စနစ် ဖြစ်ပေါ်လာရေး ဆိုတဲ့ အချက်ကို ထပ်မံ ထည့်သွင်း လိုက်တယ်လို့ RNDP ပါတီရဲ့ ဗဟို ဦးစီး အဖွဲ့ဝင် ရန်ကုန်တိုင်း ဒေသကြီး အတွက် ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဘီဘီစီကို ပြောပါတယ်။

ဗဟိုက ချုပ်ကိုင်တဲ့ စနစ် မဟုတ်ဘဲ ကိုယ်ပိုင် ပြဌာန်းခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်စေမယ့် စစ်မှန်တဲ့ ပြည်ထောင်စု စနစ် တနည်း အားဖြင့် ဖက်ဒရယ် ပြည်ထောင်စု စနစ် ပေါ်ပေါက် လာရေး အတွက် ရည်ရွယ် တာလို့ သူက ပြောပါတယ်။

လက်ရှိ အခြေခံ ဥပဒေမှာ တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေ ရှိပေမဲ့ လုပ်ပိုင်ခွင့်တွေ နည်းပါးနေသေးတဲ့ အတွက် ကိုယ်ပိုင် ပြဌာန်းခွင့် ပိုရမှသာ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်လာပြီး ပိုမို တည်တန့် ခိုင်မြဲမှာ ဖြစ်လို့ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အတွက် လိုအပ်ရင် တိုင်းရင်းသား ပါတီတွေ နဲ့ပါ ဆွေးနွေး ညှိနှိုင်း သွားမယ်လို့ ဦးဇော်အေးမောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ