ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် အစီအစဉ် အပေါ် ဝေဖန်မှုရှိ

ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ် ပြီးဆုံး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆ရက်ကြာ ထိုင်းနိုင်ငံ ခရီးစဉ် ပြီးဆုံးသွားပြီမို့ တနင်္ဂနွေနေ့မနက်မှာ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်တဲ့ ထိုင်းနိုင်ငံ ခရီးစဉ်ဟာ အောင်မြင်တဲ့ ခရီးစဉ်လို့ အများက ပြောနေကြပါတယ်။

ဒါပေမယ့် ထိုင်းအခြေစိုက် နိုင်ငံရေး လှုပ်ရှားသူတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ သတင်းမီဒီယာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် တွေ့ဆုံခွင့်မရခဲ့တာနဲ့ ပတ်သက်လို့တော့ ဝေဖန် ပြောဆိုသံ တချို့လည်း ထွက်ပေါ်နေပါတယ်။

တခါ မယ်လ ဒုက္ခသည် စခန်းကို သွားစဉ်မှာ ထိုင်းအစိုးရရဲ့ ကန့်သတ်မှုကြောင့် ဒုက္ခသည်တွေကို ဒေါ်အောင်ဆန်းစုကြည် အသံချဲ့စက်နဲ့ မိန့်ခွန်း ပြောခွင့် မရခဲ့တာမျိုး၊ သတင်းမီဒီယာ သမားတွေ လိုက်ပါခွင့် မရခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အရာရှိ ဦးခွန်သာမြင့်ကတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခရီးစဉ် အစီအစဉ်မှာ လွဲချော်တာမျိုး မဟုတ်ပေမယ့် အစီအစဉ် ပြောင်းရ တာမျိုးတွေ ရှိခဲ့ကြောင်း ဘီဘီစီကို ပြောပါတယ်။

အခက်အခဲက နှစ်နိုင်ငံ ဆက်ဆံရေး၊ အစိုးရအချင်းချင်း ဆက်ဆံရေး၊ ပြည်သူ အချင်းချင်း ဆက်ဆံရေး စတဲ့ ဆက်ဆံရေးတွေ ကြားမှာ လှုပ်ရှားရတာမို့ အပေးအယူ အတိုးအလျှော့ လုပ်ရတာမျိုးတွေ ရှိခဲ့ကြောင်း၊ ဒါ့ကြောင့် တွေ့ချင်သူတိုင်းကို အယောက်စေ့အောင် တွေ့ခွင့်မရခဲ့တာ ဖြစ်ကြောင်း ဦးခွန်သာမြင့်က ပြောပြပါတယ်။

မကြာခင် သွားရောက်မယ့် ဥရောပ ခရီးစဉ်မှာလည်း တွေ့ချင်သူတွေ များပြီး အလားတူ အခက်အခဲမျိုးတွေ ရှိလာနိုင်တဲ့အတွက် ဒီလို ဝေဖန်သံတွေ ပေါ်လာနိုင် တယ်လို့လည်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်ဟာ ထိုင်း အစိုးရက တရားဝင် ဖိတ်ကြားတဲ့ ခရီးစဉ် မဟုတ်ပဲ ကမ္ဘာ့ စီးပွားရေး ညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားတဲ့ ခရီးစဉ် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ထိုင်းအစိုးရအနေနဲ့ ခေါင်းခဲစရာ ဖြစ်နေတာမို့ အခုလို ကန့်သတ်မှုတွေ ရှိခဲ့တာ ဖြစ်ပုံရတယ်လို့ ဘန်ကောက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာ တွေ့ချင်သူတချို့က တွေ့ခွင့်မရလို့ မကျေနပ်သံ တချို့ ထွက်ပေါ်ခဲ့ပေမယ့် မြန်မာအစိုးရ တခါမှ လာမတွေ့ဘူးတဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေကတော့ သူတို့ကို ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် လာရောက် တွေ့ဆုံပြီး သူတို့ အရေးကို အလေးထား ဆောင်ရွက် နေတယ် ဆိုတာ သိသွားကြလို့ သူတို့ကတော့ ဝမ်းသာ ကျေနပ်ကြမှာ အမှန်ပဲလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။