တောင်ကုတ်တွင် လူ၁၀ယောက်ကို လူအုပ်ကြီးက သတ်ဖြတ်

တောင်ကုတ်မြို့အဝင်
Image caption တောင်ကုတ်မြို့အဝင်

မနေ့ကညနေလေးနာရီလောက်မှာ တောင်ကုတ် မြို့ကိုဝင်လာတဲ့ ရိုးမသစ္စာ သံတွဲရန်ကုန် အဝေးပြေးကားပေါ်မှာပါတဲ့ မူဆလင်တွေနဲ့ ဒေသခံရခိုင်လူမျိုး တွေ ပဋိပက္ခ ဖြစ်ခဲ့ပြီး မူဆလင် ၁၀ ဦးသေဆုံးသွားခဲ့ပါတယ်။ ဒီအခင်းဖြစ်ပွားတဲ့အချိန်ဟာ ရမ်းဗြဲဒေသ ကျောက်နီမော်ရွာမှာ ရခိုင်အမျိုးသမီးတဦးကို မူဆလင်သုံးဦးက မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့အတွက်၊ ရခိုင်တိုင်းရင်းသားတွေကြားမှာ အမျက်ဒေါသထွက်နေတဲ့အချိန်ဖြစ်ပါတယ်။

မနေ့ ညနေက အဖြစ်အပျက်ဘယ်လိုစခဲ့တယ်ဆိုတာကိုတိတိကျကျ မသိရသေးပါဘူး။ သေဆုံးသွားတဲ့အထဲမှာပါတဲ့ ကိုညီညီထွန်း ရဲ့မိတ်ဆွေဖြစ်သူ ကိုဖြူက ကားဟာ ညနေ၄နာရီခွဲမှာ တောင်ကုတ်ကို ရောက်လာပြီးအဲဒီမှာ လက်ကမ်း ကြော်ညာတွေဝေထားကြောင်း ကားကို ဆိုင်ကယ်၁၀၀လောက်က အတင်းရပ်ခိုင်းပြီး လမ်းဆုံရောက်တဲ့အခါမှာ ရိုက်သတ်ခဲ့ရာ သူ့သူငယ်ချင်းဖြစ်သူ ကားအုံနာရဲ့ယောက်ဖ ကိုညီညီထွန်းလည်းပါသွားတယ်လို့ ဘီဘီစီကိုပြောပါတယ်။ အခင်းဖြစ်တဲ့နေရာကို သွားခဲ့တဲ့ တောင်ကုတ်မြို့ခံတဦးကလည်း ထောင်နဲ့ချီပြီးစုဝေးနေတဲ့ လူအုပ်ကိုတွေ့ခဲ့ရကြောင်း နဲ့တောင်ကုတ်မြို့ခံတွေကြားမှာ မူဆလင်တွေအပေါ်မကျေနပ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ သေဆုံးသူတွေထဲမှာ တောင်တွင်းကြီးက၆ ဦး၊ မြောင်းမြက ၂ ဦးနဲ့ သံတွဲက ၂ ဦးတို့ပါဝင်ပါတယ်။ သူတို့ရဲ့အလောင်း တွေကို သံတွဲမြို့ကိုသယ်ဆောင်လာခဲ့ပြီး တနင်္လာနေ့မွန်းလွဲပိုင်းမှာ ဘာသာရေးဓလေ့ထုံးစံနဲ့အညီ သင်္ဂြိုဟ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်နောက်ပိုင်း တောင်ကုတ်မြို့မှာ အခြေအနေတွေတည်ငြိမ်နေတယ်လို့ မြို့ခံတွေကပြောပေမယ့် စစ်တွေကနေ လုံခြုံရေးတပ်ဖွဲ့တွေ ထပ်မံစေလွှတ်ထားတယ်လို့လည်းဆိုပါတယ်။ သံတွဲမြို့ ဂျီတီစီ စက်မှုသိပ္ပံကျောင်းမှာ ပညာသင်နေ တဲ့ကျောင်းသူကျောင်းသား တချို့ကိုလည်း လုံခြုံရေးအတွက်စိုးရိမ်တဲ့ သူတို့ရဲ့မိဘတွေက နေရပ်ကိုပြန်ခေါ်ထားတယ် လို့သိရပါတယ်။ ဒီအခင်းဖြစ်ပွားပုံနဲ့ပတ်သက်ပြီး မေးမြန်းဖို့အတွက် တောင်ကုတ်ရဲစခန်းကိုဘီဘီစီကကြိုးစားဆက်သွယ် ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

အစိုးရမီဒီယာတွေမှာတော့ အခုဖြစ်စဉ်နဲ့ပတ်သက်လို့တရားဥပဒေနဲ့အညီ ဖြစ်စေဖို့ စုံစမ်းဖေါ်ထုတ်သွားမှာဖြစ်ကြောင်း ရပ်ရွာအေးချမ်းတည်ငြိမ်ရေးအတွက် တာဝန်ရှိသူများနဲ့ရပ်မိရပ်ဖများက ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ကြေညာသွားပါတယ်။