သြစတြေးလျ ဝန်ကြီး ရန်ကုန်ရောက်

bob carr ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီမိုကရေစီ ကြိုးပမ်းမှု တွေ ချီးကျူး

မြန်မာနိုင်ငံ ကို သုံးရက်ကြာ ရောက်လာတဲ့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဘော့ပ်ကား ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှု တွေ ကို ချီးကျူးရင်း သြစတြေးလျ နိုင်ငံသား များရဲ့ လေးစား အသိအမှတ် ပြုခြင်းခံရပုံ တွေ ပြောသွားပါတယ်။

နှစ်နိုင်ငံ စီးပွားကုန်သွယ်မှု နဲ့ ပတ်သက်ပြီး မစ္စတာ ကား က ဒေါ်အောင်ဆန်းစုကြည် ဘက်ကနေ မြန်မာ ပြည်သူတွေကို အကျိုးပြုမယ့် ရင်းနှီးမြှုပ်နှံမှု တွေ လိုကြောင်း အကြံပြု တဲ့ အတွက် သြစတြေးလျ နိုင်ငံက မြန်မာပြည် အတွင်း ရင်းနှီးမြှုပ်နှံမယ်လို့ ဆိုပါတယ်။

ဒီအခါမှာလည်း တာဝန်သိသိနဲ့ သိက္ခာ ရှိရှိ ရင်းနှီးမြှုပ်နှံမှု မျိုး ဦးစားပေး လုပ်မယ့် အကြောင်းတွေ မစ္စတာ ကား က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေး နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးရာမှာ အသက်မွေး ဝမ်းကြောင်း ပညာရေး၊ သင်ရိုးညွှန်းတန်း တွေရဲ့ အဆင့်အတန်းကို မိဘ တိုင်းက မျှော်လင့်နိုင်တဲ့ ပညာရေး မျိုးဖြစ်အောင် ဆွေးနွေးခဲ့ကြောင်း မစ္စတာ ကား က ပြောပါတယ်။

ဒါ့အပြင် မစ္စတာ ကား က ဒီမိုကရက်တစ်ပါတီ၊ NDF၊ ချင်း၊ ရခိုင်၊ ရှမ်းနဲ့ ကရင်ပါတီ တို့အပြင် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ခွန်ထွန်းဦး နဲ့ လည်း သြစတြေလျ သံအမတ်ကြီး အိမ်မှာ တွေ့ဆုံကြောင်း သိရပါတယ်။