မောင်တောမြို့မှာ ဆန္ဒပြ တိုက်ခိုက်မှု ဖြစ်

Image caption တောင်ကုတ်မြို့မှာ မူဆလင်တွေ အသတ်ခံခဲ့ရမှု အပေါ် ရန်ကုန်မှာလည်း မကြာသေးခင်က ကန့်ကွက် ဆန္ဒပြခဲ့ကြ

ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ် မောင်တော မြို့မှာ အစ္စလာမ် ဘာသာဝင်တွေက သောကြာနေ့ မနက်ပိုင်းက လူအုပ်နဲ့ ဆန္ဒပြပြီး နေအိမ် တချို့ကို မီးရှို့ တာကြောင့် ဒေသခံ ရဲလုံခြုံရေးတွေ ထိန်းမနိုင်တဲ့ အခြေ အနေ ထိ ဖြစ်သွားခဲ့ ပါတယ်။

အခု တိုက်ခိုက်မှု တွေကြောင့် ဒဏ်ရာရသူ တချို့ ရှိခဲ့ပြီး တစ်ယောက် သေဆုံးခဲ့တယ်လို့ လည်း သိရ ပါတယ်။

ညနေ နှောင်းပိုင်း မှာတော့ အခြေ အနေတွေ တည်တည် ငြိမ်ငြိမ် ပြန်ဖြစ် သွားခဲ့ပြီလို့ ဒေသခံ တွေက ဘီဘီစီကို ပြောပါတယ်။

နယ်မြေခံ လုံခြုံရေး ရဲတပ်ဖွဲ့ အပြင် မောင်တောမြို့က စစ်တပ် တွေလည်း လုံခြုံရေးကို ကူညီ ထိန်းသိမ်း ပေးတဲ့ အတွက် မြို့ထဲမှာ လူစုကွဲသွား ခဲ့ပြီလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒေသခံတွေ က စိုးရိမ်ပူပန်နေကြတယ် လို့လည်း ဘီဘီစီကို ပြောပါတယ်။

ဖြစ်ပွားခဲ့ပုံ

မောင်တောမြို့မှာ သောကြာနေ့ ဗလီဆင်းချိန်က ရာနဲ့ချီတဲ့ အစ္စလာမ် ဘာသာဝင်တွေဟာ ဇွန်လ ၃ ရက်နေ့က တောင်ကုတ်မှာ အစ္စလာမ် ဘာသာဝင် ၁၀ ယောက် အသတ်ခံရတဲ့ ကိစ္စကို မကျေမနပ် ဖြစ်ပြီးတော့ ဆန္ဒပြရာ ကနေ သဇင် တည်းခိုခန်းကို မီးရှို့ဖျက်ဆီး တာကြောင့် ဒေသခံရဲက သေနတ်မိုးပေါ်ထောင် ဖေါက်ပြီး လူစုခွဲ ခဲ့ရပါတယ်။

အဲဒီနောက် လူစုကွဲသွားတဲ့ အစ္စလာမ် ဘာသာဝင်တွေဟာ မြို့အစွန်မှာ ရှိတဲ့ ဗိုလ်မှူးရွာနဲ့ အနီးက အိမ်တွေကိုပါ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြန်ပြောပါတယ်။

မောင်တောမြို့လယ်မှာရှိတဲ့ ကမ္ဘောဇ ဘဏ် ပတ်ဝန်းကျင်က ဆိုင်ခန်း အတော်များများလည်း ဖျက်ဆီးခံရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဖျက်ဆီးသူတွေ ထောင်ဂဏန်းလောက်ရှိတယ် လို့လည်း ဆိုပါတယ်။

သောကြာနေ့က ဖြစ်ခဲ့တဲ့ ပြဿနာကြောင့် အစ္စလာမ် ဘာသာဝင်တွေနဲ့ ရခိုင် တိုင်းရင်းသားတွေ အတူ ယှဉ်တွဲ နေထိုင်ကြရာ နေရာတွေမှာ အလားတူ ဖြစ်ရပ်မျိုး ဖြစ်လာ မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ