ရခိုင် အဓိကရုဏ်းအတွင်း ပြေးလာသူတွေ ဘင်္ဂလားဒေ့ရှ်က ပြန်မောင်းထုတ်

ရခိုင်မီးလောင်မှုမြင်ကွင်း ဓာတ်ပုံ မူပိုင် AP
Image caption ရခိုင်မီးလောင်မှုမြင်ကွင်း

မြန်မာနိုင်ငံဘက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းကို ထွက်ပြေး ခိုလှုံလာကြသူ လူရာပေါင်း များစွာကို ဘင်္ဂလားဒေ့ရှ် နယ်စပ်တပ်ဖွဲ့ဝင်တွေက လက်မခံပဲ ပြန်မောင်းထုတ်နေကြပါတယ်။

မြန်မာပြည်ကနေ ထွက်ပြေး လာသူတွေကို တင်ဆောင်လာတဲ့ လှေ ၆ စင်းကို လမ်းမှာ တားဆီးနိုင်ခဲ့ပြီး မြန်မာနိုင်ငံဘက် ပြန်ပို့လိုက်တယ် လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

Cox's Bazar ခရိုင်ကော်မရှင် မင်းကြီး Joynul Bari က အဲဒီလူတွေ နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ မဝင်လာခင် မြစ်လယ်မှာတင် တားဆီးလိုက်နိုင်ခဲ့ပါတယ်။ လောလောဆယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ခိုးဝင်ဖို့ ကြိုးစားမှုတွေ ရှိနေတာကြောင့် အခုလို နိုင်ငံထဲ တရားမဝင် ခိုးဝင်မှုတွေကို တားဆီးနိုင်ဖို့ နယ်စပ်မှာ လုံခြုံရေးတွေ ပိုတင်းတင်းကျပ်ကျပ် ချထားပါတယ်လို့ ဘီဘီစီကို ပြောသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များရုံးရဲ့ ကိုယ်စားလှယ် Craig Sanders ကတော့ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ သူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင် ခိုလှုံခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို သူမေတ္တာ ရပ်ခံထားတယ်လို့ ပြောပါတယ်။

'အခုထွက်ပြေးလာကြတဲ့သူတွေဟာ မြန်မာအစိုးရက အတင်းမောင်းထုတ်လို့ ထွက်ပြေးလာကြသူတွေ မဟုတ်ပါဘူး။ သူတို့ဟာ သူတို့ နယ်စပ်ကို ဖြတ်လာကြတာပါ။ နှစ်နိုင်ငံစလုံးက နယ်စပ်လုံခြုံရေးကို ထိန်းချုပ်ဖို့ လုပ်နေတာကို နားလည်ပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရကို မေတ္တာ ရပ်ခံလိုတာကတော့ အကြမ်းဖက်မှု ပဋိပက္ခတွေကနေ ထွက်ပြေးလာကြသူတွေ၊ ဒဏ်ရာရထားသူတွေကို ဝင်ခိုလှုံခွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို အတတ်နိုင်ဆုံး ဖွင့်ပေးထားသင့်ပါတယ်'လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များရုံးရဲ့ ကိုယ်စားလှယ် Craig Sanders က ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ