လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် ဥရောပခရီး

_cald_ ဓာတ်ပုံ မူပိုင် cald
Image caption ဦးဝင်းထိန် နဲ့ လွှတ်တော်ကိုယ်စားလှယ်များ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ မိတ္ထီလာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် ဟာ ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ် မြို့တော်မှာ ဉရောပ၊ အာရှ နဲ့ အာဖရိက မှ လစ်ဗရယ် လွှတ်တော် အမတ်တွေ နဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ ညီလာခံ ကို လာရောက် တက်ခဲ့ပါတယ်။

အထက်ပါ လွှတ်တော် အမတ်တွေ အဓိက ဆွေးနွေးတဲ့ အကြောင်းအရာက ကနေ့ ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှု လို့ ခေါင်းစဉ်ပေးထားတဲ့ အရေးကိစ္စပါ။ ဒီအကြောင်းအရာ ထဲမှာ မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ ၊ အကျိုးဖြစ်ထွန်းနိုင်တဲ့ အချက်အလက် နဲ့ ဆွေးနွေးရာမှာ ဒီမိုကရေစီ လမ်းစဉ် ကို ဦးတည်တဲ့ မြန်မာနိုင်ငံ အနေနဲ့ စီးပွားရေး အပိုင်းနဲ့ ပတ်သက်ရင် အခြေခံ အဆောက်အအုံ ခိုင်မာဖို့ လိုအပ်တဲ့ အကြောင်း၊ ပြည်ပက စီးပွားရေး ရင်းနှီးမြှုပ်နှံလိုသူတွေ အတွက် အဆင်ပြေအောင် ရင်းနှီးမြှုပ်နှံမှု ဉပဒေပြင်ပေး ဖို့ လိုကြောင်း တင်ပြခဲ့ပုံ ကို ဦးဝင်းထိန် က ဘီဘီစီ ကို ရှင်းပြပါတယ်။

လတ်တလောမြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် ဘက်မှာ ဖြစ်ပွားနေတဲ့ အရေးအခင်း ဟာ အရင်ကတည်း က အမြစ်တွယ်ခဲ့တဲ့ အကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံပေါ်ပေါက် ချိန်က စလို့ ဝင်ရောက်လာခဲ့သူ တွေဟာ တစ ထက်တစ များပြားလာခဲ့ပုံ၊ နယ်စပ် လူဝင်မှု ကြီးကြပ်ရေး လည်း ထိထိရောက်ရောက် မကာကွယ်နိုင်ပုံ၊ ဒါပေမယ့် မူလနေထိုင်သူတွေ ကို ပြန်နှင်ဖို့ မသင့်ဘူးလို့ ယူဆသလို၊ နောက်ပိုင်း ဝင်လာသူတွေ ကို စီစစ်ဖို့ လိုကြောင်း ဦးဝင်းထိန် က ပြောပါတယ်။

မကြာခင်မှာလည်း ပြည်သူ့လွှတ်တော် ပြန်လည် စတင်တော့မှာ ဖြစ်တဲ့ အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အရေးကြီးတဲ့ ကိစ္စရပ် တွေ တင်ပြဆွေးနွေးမယ့် အကြောင်း ပြောပါတယ်။ သမ္မတ ဦးသိန်းစိန် က ဒီမိုကရေစီ လမ်းစဉ်သွားရာမှာ နောက်ကြောင်းပြန်မလှည့်ရေး ပြောထားလို့ ရခိုင်ပြည်နယ် အရေး မအေးသေးရင် ဒီကိစ္စကို ဆွေးနွေး ဖို့လိုကြောင်း ပြောပါတယ်။

စစ်တပ်ထဲမှာ သဘောထားတင်းမာသူတွေ ရှိမရှိ မေးရာမှာတော့ ဦးဝင်းထိန်က အဆိုပါမေးခွန်းကို မဖြေလိုပေမယ့် စစ်သားတွေ ကိုယ်တိုင်လည်း မြန်မာနိုင်ငံသားတွေ ပီပီ နိုင်ငံတိုးတက်တာ ကို မြင်လိုသူ တွေ ဖြစ်သလို ယုံကြည်မှု တည်ဆောက်ကြယင်း၊ သမ္မတ ရဲ့ မူဝါဒ အရ နိုင်ငံပြန်လည်ထူထောင် ရေးမှာ ပါဝင်လာကြမယ် လို့ မျှော်လင့် တဲ့ အကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။