ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆု မိန့်ခွန်းပြောကြား

ဓာတ်ပုံ မူပိုင် AFP
Image caption ဒီနိုဘဲယ်ဆု ချီးမြှင့် တာဟာ မြန်မာပြည်ကို ကမ္ဘာ့က ပစ်မထားဘဲ ဘူးဆိုတာ ပြသလိုက်တာ ပါ

၁၉၉၁ ခုနှစ် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင် တက်ရောက် မယူနိုင်ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ နော်ဝေနိုင်ငံ အော်စလိုမြို့ နိုဘဲလ်ဆု ခန်းမမှာ သူရရှိခဲ့တဲ့ နိုဘဲလ်ဆုအတွက် မိန့်ခွန်း ပြောကြားခဲ့ပြီ ဖြစ်ပါတယ်။

အခမ်းအနားမှာ ပထမဆုံးအနေနဲ့ နိုဘဲလ်ဆု ရွေးချယ်ရေးကော်မတီ ဥက္ကဌ Thorbjørn Jagland က အဖွင့် မိန်းခွန်းပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာလောကကြီးအတွက် တန်ဖိုကြီးမားလှတဲ့ လက်ဆောင် ဖြစ်တယ်လို့ တင်စား ပြောကြား သွားပါတယ်။

အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ နိုဘဲလ်ဆု မိန့်ခွန်းကို ပြောကြားခဲ့ရာမှာ ငြိမ်းချမ်းခြင်းနဲ့ ဒုက္ခတရား ကို ဗုဒ္ဓဘာသာရဲ့ အယူဝါဒတွေနဲ့ နှိုင်းယှဉ် ဖေါ်ပြ ပြောဆိုသွားပါတယ်။

ငြိမ်းချမ်းရေး နိုဘဲလ်ဆု ရရှိတဲ့အပေါ် သူ့ရဲ့အမြင်ကို ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က နိုဘဲလ်ငြိမ်းချမ်းရေး ကော်မတီကနေ သူ့ကို ဒီငြိမ်းချမ်းရေး နိုဘဲလ်ဆု ချီးမြှင့် လိုက်တာဟာ မြန်မာပြည်က ဖိနှိပ်မှုတွေနဲ့ အထီးကျန်မှုတွေကို ကမ္ဘာ့က ပစ်မထားဘဲ မြန်မာပြည်ဟာ ကမ္ဘာ့ကြီးရဲ့ တစိတ်တပိုင်း ဖြစ်တယ်ဆိုတာကို အသိအမှတ် ပြုလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါဟာ လူသားတွေဟာ တစုတဖွဲ့ထဲ ရှိနေကြတယ် ဆိုတာကိုလည်း အသိအမှတ်ပြုလိုက်တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

ငြိမ်းချမ်းရေးနိုဘဲလ်ဆုရရှိခြင်းဟာ သူ့အတွက်တော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဟာ နယ်စီး ခြားနားမှုတွေ မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ကို ဖေါ်ဆောင်နေကြောင်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာလောကကြီး အတွက် တန်ဖိုကြီးမားလှတဲ့ လက်ဆောင် ဖြစ်တယ်လို့ ဆုရွေးချယ်ရေးကော်မတီ ဥက္ကဌကပြောပါတယ်

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ကိုလည်း သူက တိုက်တွန်းပြောကြားသွားပြီး၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ တဦးရှိနေရင်တောင်မှာ ဒါဟာ အရမ်းကို များလွန်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်နိုင်ခဲ့ပေမယ့် ပြဿနာတွေကတော့ ရှိနေသေးကြောင်းလည်း ပြောပါတယ်။

ကမ္ဘာပေါ်မှာ လုံးဝ ငြိမ်းချမ်းရေးရဖို့ ဆိုတာ မဖြစ်နိုင်ပေမယ့် ကျွန်မတို့ဟာ အဲဒီလမ်းကိုပဲ ဦးတည် လျှောက်လှမ်းရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့သားငယ် ကင်မ်နဲ့ အတူ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

မိန့်ခွန်းပြောကြားမှုတွေ မစခင် မြန်မာပြည်သား ကိုနေဝါက တက်ရောက်လာတဲ့ ပရိသတ်ရှေ့မှာ မြန်မာစောင်းကောက် တူရိယာနဲ့ မေတ္တာရွှေဆောင်း သီချင်းကို တီးခတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဦးဆုံး ဥရောပ ခရီးစဉ် အဖြစ် ဇွန်လ ၁၄ ရက် ကနေ ၂၅ ရက်နေ့ အထိ လာရောက်ခဲ့တဲ့ ခရီးစဉ် အတွင်း အခုလို သူရရှိခဲ့တဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုအတွက် မိန့်ခွန်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ