ဒေါ်အောင်ဆန်းစုကြည် ဗြိတိသျှ ပါလီမန်မှာ မိန့်ခွန်း ပြောမယ်

ဓာတ်ပုံ မူပိုင် PA
Image caption ဗြိတိသျှ ပါလီမန်

ဇွန်လ ၂၁ ရက် နေ့လယ်မှာ ဗြိတိန် နိုင်ငံမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဗြိတိသျှပါလီမန် ရှိ လွှတ်တော် နှစ်ရပ် စလုံး မှာ မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိခ် က ဒေါ်အောင်ဆန်းစုကြည် အခုလို ပါလီမန် မှာ မိန့်ခွန်းပြောမှာ နဲ့ ပတ်သက်ပြီး နှစ်ထောင်းအားရ ဖြစ်မိကြောင်း ဝမ်းပန်းတသာ ကြိုဆိုကြောင်း အတိုက်အခံ လေဘာပါတီ ဒုတိယခေါင်းဆောင် ဟဲရီယက် ဟာမင် ရဲ့ မေးခွန်းကို ဖြေကြား သွားပါတယ်။

မြန်မာနိုင်ငံ ရဲ့ အခြေအနေ ကို ပြောရရင် မြန်မာပြည်သူတွေ ဟာ သူတို့ နဲ့ ထိုက်တန်တဲ့ ဒီမိုကရေစီ နဲ့ အလှမ်းဝေးနေသေး တဲ့ အကြောင်း နဲ့ ဒါကို အမျိုးသမီး တဉီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က နှစ် ၂၀ ကျော် ကြာအောင် နေအိမ်မှာ အကျယ်ချုပ် ကျခံပြီး အနစ်နာခံ လှုပ်ရှား ရုန်းကန်ခဲ့ ရတာကို အသိအမှတ်ပြု ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိခ် က ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီရေး ကို လည်း ဆက်လက် အားပေးတဲ့ နေရာမှာ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ကိုယ်စား ပြောလိုတာက၊ အခုနှစ်စပိုင်း မှာ သူကိုယ်တိုင် မြန်မာနိုင်ငံကို သွားပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပုံ၊ ဥရောပ နိုင်ငံတွေ ထဲမှာ ဗြိတိန် က နိုင်ငံခြားရေး ဝန်ကြီး တဉီး အနေနဲ့ သူ က ပထမဆုံး သွားရောက်ပြီး ဗြိတိန် ကို လာလည် ဖို့ ဖိတ်ကြားခဲ့ပုံ တွေ ပါလီမန် မှာ ရှင်းပြပါတယ်။

မြန်မာနိုင်ငံ မှာရှိတဲ့ တိုင်းရင်းသား လူမျိုးစု ဒေသ တွေမှာ တည်ငြိမ် ငြိမ်းချမ်းရေး၊ အကျဉ်းထောင် တွေထဲ ကျန်ရစ်ဆဲ နိုင်ငံရေး အကျဉ်းသား တွေ လွှတ်ပေးရေး လည်း ဆက်လက် ဆောင်ရွက်မယ့် အကြောင်း ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လေးစားဂုဏ်ယူဖွယ် ကောင်းတဲ့ အမျိုးသမီးခေါင်းဆောင် တဉီး၊ အခုလို ဗြိတိသျှ ပါလီမန် မှာ မိန့်ခွန်း ပြောမှာ ကိုလည်း ချီးကျူး အသိအမှတ်ပြုပုံ ကို နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိခ် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ