အတိုက်အခံက အစိုးရဖြစ်နိုင်တယ်ဆိုတာ လက်ခံဖို့ လို

DASSK
Image caption သတင်းထောက်များနဲ့ တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံမှာ အတိုက်အခံဟာ အစိုးရ ဖြစ်လာနိုင်တယ် ဆိုတာကို နားလည် လက်ခံဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်ခရီးစဉ်အတွင်း ပြောကြားလိုက်ပါတယ်။

''ဒီမိုကရေစီ ပြည့်ပြည့်ဝဝ ရဖို့ဆိုတာဟာ အတိုက်အခံဆိုတာဟာ အစိုးရဖြစ်နိုင်တဲ့ အဖွဲ့အစည်းဆိုတာကို ကျွန်မတို့ နိုင်ငံက လက်ခံဖို့ လိုတယ်။ အခုထိတော့ ဒီသဘောတရားကိုတော့ သိပ် နားလည်သေးတယ်လို့ ပြောလို့ မရဘူး''လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါပေမယ့် နားလည်အောင် ကိုယ့်ဘက်ကနေ လုပ်ဆောင်သွားရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂၂ ရက် သောကြာနေ့က လန်ဒန်မြို့လယ်မှာ ရှိတဲ့ Royal Festival Hall မှာ လူ ၂၀၀၀ ကျော်လောက်ရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပြီးနောက် ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားတာ ဖြစ်ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲကို လန်ဒန်အခြေစိုက် မြန်မာ သတင်းထောက်တွေနဲ့ အမေရိကန်အခြေစိုက် မြန်မာသတင်းထောက်တချို့ တက်ရောက်ကြပါတယ်။

ဗြိတိန်မှာလို အာဏာရအစိုးရကို ကဏ္ဍအသီးသီး၊ ဝန်ကြီးဌာနအသီးသီးမှာ စောင့်ကြည့်နေတဲ့၊ တန်ပြန်မေးခွန်းထုတ်ကြတဲ့ အတိုက်အခံဘက်က ဝန်ကြီးနေရာ လျာထားတဲ့ ပုဂ္ဂိုလ်တွေမျိုး မြန်မာ နိုင်ငံမှာရော ရှိလာနိုင်မလားဆိုတဲ့ သတင်းထောက်တစ်ယောက်ရဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ဖြေရာမှာ အခုချိန်မှာတော့ မဖြစ်နိုင်သေးကြောင်း၊ NLD မှာ လွှတ်တော် ကိုယ်စားလှယ်က ၄၃ ယောက် ပဲ ရှိသေးတဲ့အတွက် ကိုယ်စားလှယ် ၆၀၀ ကျော်ရှိတဲ့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ် အရေအတွက် နည်းနေ သေးကြောင်း၊ ဒါပေမယ့် နောင်မှာ ဖြစ်လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အခု ဥရောပခရီးစဉ်အတွင်း တွေ့ဆုံခဲ့တဲ့ အစိုးရခေါင်းဆောင်ပိုင်းတွေက မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ကူညီကြမယ်လို့ ကတိပေးကြတဲ့အကြောင်းလည်း ၁၀ မိနစ်ခန့်ကြာ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ