ဦးအောင်မင်း ထိုင်းအခြေစိုက် အဖွဲ့တွေနဲ့တွေ့

ဦးအောင်မင်း ဓာတ်ပုံ မူပိုင် no credit
Image caption ဦးအောင်မင်း နဲ့ဦးခင်ရီ တို့ဟာ ရခိုင် လွတ်မြောက်ရေး ပါတီ နဲ့လည်း တွေ့ခဲ့

နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အပါအဝင် ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ နိုင်ငံရေး အဖွဲ့ တွေနဲ့ ငြိမ်ချမ်းရေး ဆွေးနွေးဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းအဖွဲ့ ဒုတိယ ဥက္ကဌ ရထားဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဝင် ဖြစ်တဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် တွေဟာ မဲဆောက်နဲ့ ဘန်ကောက်မြို့ တွေမှာ ၄ ရက်ကြာ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ ပါတယ်။

ဦးအောင်မင်းက အခုလို လေးရက် အတွင်း အဖွဲ့ပေါင်း ၁၈ ဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေး နိုင်ခဲ့တာဟာ သမ္မတ ဦးသိန်းစိန်ရဲ့ မူဝါဒတွေ အပေါ် အခြေခံပြီး ဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အရင်က အကြိမ်ကြိမ် တွေ့ဆုံခဲ့ သလို သဘော တူညီချက် တချို့လည်း ရထားတဲ့ KHU ကရင် အမျိုးသား အစည်း အရုံးနဲ့ သြဂုတ်လ ဆန်းပိုင်းမှာ တွေ့ကြဖို့ ဆွေးနွေးခဲ့တာ ရှိသလို၊ ABSDF ကျောင်းသား တပ်မတော်၊ ALP ရခိုင် လွတ်မြောက်ရေး ပါတီ တို့ကတော့ ပြည်ထောင်စု အဆင့်အထိ သဘော တူညီချက် တွေ လုပ်ဖို့ အလွတ် သဘော တွေ့ဆုံတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အသစ် ဆွေးနွေးတဲ့ အထဲမှာ PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ၊ WLB အမျိုးသမီး အဖွဲ့ချုပ်၊ FDB မြန်မာ့ ဒီမိုကရေစီ အင်အားစု၊ HREIB လူ့အခွင့် အရေး ပညာပေးဌာန ၊ Burma Fund စတဲ့ အဖွဲ့တွေ ပါဝင် ပါတယ်။

ဦးအောင်မင်းက အဓိက အားဖြင့် နိုင်ငံ တည်ဆောက်တဲ့ အခါ ပညာရှင်နဲ့ ပြည်သူ လူထု အားကို လိုအပ်တဲ့ အတွက် ပြန်လည် တည်ဆောက်ဖို့ ထိုင်းနိုင်ငံကို လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ တွေ့ဆုံ ဆွေးနွေး ကြတဲ့အခါ တွေ့ပြီးသား အဖွဲ့တွေနဲ့ နားလည်မှု ရပြီးဖြစ်တယ်၊ တချို့ အဖွဲ့ တွေကလည်း စဉ်းစား ဆွေးနွေးပြီးမှ ဆက်လုပ်မယ် လို့ဆို ကြတယ်၊ ဆွေးနွေးချက်တွေကို သဘော မတူနိုင်ကြလို့ ခက်ခက်ခဲခဲ ညှိနှိုင်း ရတာမျိုး မရှိဘူးလို့ ဦးအောင်မင်းက ပြောပါတယ်။

ပြည်ပရောက် အဖွဲ့အစည်း တွေထဲမှာ အစိုးရမဟုတ်တဲ့ အန်ဂျီအို အလုပ်မျိုးကို လုပ်ချင်သူ တွေ ရှိသလို၊ ပါတီ ပြန်ထောင်ချင် သူတွေလည်း ရှိကြောင်း၊ ဒါတွေကို မလုပ်ပေးနိုင်စရာမရှိ ကြောင်းသူကပြောပါတယ်။

အားလုံးလုပ်လို့ ရမယ့်အခြေအနေ တွေဖြစ်တာမို့ ဘယ်လို ဆက်သွာမလဲ ဆိုတာကို ဆက်ပြီး ဆွေးနွေးဖို့သာ ကျန်တယ်လို့ ဦးအောင်မင်းက ဆိုပါတယ်။

လိုအပ်ချက် တွေကို ဆက်ပြီး အသေးစိတ်ညှိနှိုင်းမှု တွေတော့ လုပ်ရဦးမှာမို့ နောက်ထပ် တွေ့ဆုံမှုတွေ အများကြီး ဆက်လုပ်ရဦးမယ်လို့ ဦးအောင်မင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ