Myanmar လို့ မခေါ်လို့ ဒေါ်အောင်ဆန်းစုကြည် ကို သတိပေး

aung san suu kyi_paris ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတကာ အသိုင်းအဝိုင်း က အလေးထား ဂုဏ်ပြုခဲ့ကြ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ် တွေ အတွင်း မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma လို့ ခေါ်ဝေါ် သုံးနှုန်းခဲ့တဲ့အပေါ် အဲဒီလို မခေါ်ဖို့နဲ့ Myanmar လို့သာ သုံးနှုန်း ပြောဆိုဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေးထားကြောင်း သောကြာနေ့က သတင်းထုတ်ပြန် လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ စကားလုံး ကိုသာ သုံးနှုန်းဖို့ ကော်မရှင်ကနေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဇွန်လ ၁ရက်နေ့ နဲ့ ၂၈ နေ့တွေမှာ အသိပေး အကြောင်းကြားထားပြီး ဖြစ်တယ် လို့လည်း အစိုးရ သတင်းစာ တွေမှာ ဖော်ပြပါတယ်။

ဒါပေမယ့် ဒီလို ပဲ ဆက်ခေါ်ရင် အရေးယူနိုင်သလား၊ ဘယ်လို အရေးယူ နိုင်မလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မဖော်ပြပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ကတော့ အင်္ဂလိပ်လို Myanmar လို့ မခေါ်တာဟာ စကားလုံးကို ဆန့်ကျင်ကန့်ကွက်တာ မဟုတ်ပဲ လူထုရဲ့ဆန္ဒကို မယူပဲ အစိုးရက ကိုယ့်သဘောနဲ့ကိုယ် နာမည်ပြောင်းလဲခဲ့တဲ့ ပုံစံကို မကြိုက် လို့သာ မခေါ်တာလို့ ဥရောပ ခရီးစဉ် အတွင်း ပြောခဲ့ပါတယ်။

၁၉၈၈ မှာ စစ်အာဏာသိမ်းပြီး အာဏာယူလိုက်တဲ့ စစ်အစိုးရ က မြန်မာနိုင်ငံ ကို အင်္ဂလိပ် လို Burma အစား Myanmar လို့ ပြောင်းခဲ့ပါတယ်။

ဒါ့အပြင် Burma ဆိုတာ ဗမာ လူမျိုး ကိုပဲ ကိုယ်စားပြုတာဖြစ်ပြီး၊ Myanmar ကတော့ ဗမာ အပါအဝင် နိုင်ငံအတွင်း နေထိုင် ကြတဲ့ တိုင်းရင်းသား လူမျိုးအားလုံး ကို ကိုယ်စားပြုတာ ဖြစ်ကြောင်း ကျယ်ကျယ် ပြန့်ပြန့် ဝါဒ ဖြန့်ခဲ့ပါတယ်။

ဒါပေမယ့် အဲသလို ရှင်းလင်းချက် ဝါဒဖြန့်မှု ကိုလည်း လက်မခံနိုင်တဲ့ ပြည်သူ အများအပြား ရှိနေပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ အဖွဲ့၀င် ဉီးဝင်းတင် က သူ့ အနေ နဲ့ နိုင်ငံအမည် ကို အများကသိတဲ့ Burma ဆိုတဲ့ အမည် ကို ပဲ ဆက်လက် ခေါ်သွားမယ် လို့ ပြောပါတယ်။

နိုင်ငံရေး အရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေ ရှိနေသရွေ့ ဒီလို နိုင်ငံအမည် အငြင်းပွားမှု က ဆက်ရှိနေဉီးမှာ ပဲလို့လည်း ဆိုပါတယ်။

အစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည် ကြား အဆင်မပြေမှု တွေ ရှိနေ ပြီလားဆိုတဲ့ အမေးကို ပြည်တွင်းမှာကော ပြည်ပ အသိုင်းအဝိုင်း တွေ မှာ မေးခွန်းထုတ် လာ နေကြောင်း ဧရာ၀တီ မဂ္ဂဇင်း အယ်ဒီတာ ဉီးအောင်ဇော် က ပြောပါတယ်။

ထိုင်းနိုင်ငံ နဲ့ ဥရောပ ဖက် ကို ခရီးထွက်ခဲ့စဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံခေါင်းဆောင် တွေ၊ ကမ္ဘာ့ခေါင်းဆောင် တွေ က လှိုက်လှိုက်လှဲလှဲ ကြိုဆို ခဲ့ကြတာကို သိတ် စိတ်မကြည်လင်တဲ့ အစိုးရ အသိုင်းအဝိုင်း တချို့ က အခုလို ဒေါ်အောင်ဆန်းစုကြည် သတိပေးတာ လည်း ဖြစ်နိုင်ကြောင်း သူ က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ ဇွန်လ ၁၄ ရက်နေ့က စတင်ခဲ့တဲ့ ဥရောပခရီးစဉ်ကို သောကြာနေ့က ပြင်သစ်နိုင်ငံမှာ အဆုံးသတ်ခဲ့ပြီး စနေနေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက် လာဖို့ ရှိပါတယ်။