မြန်မာ မိခင်နဲ့ကလေးအတွက် UNOPS က စီမံကိန်းချမည်

ဓာတ်ပုံ မူပိုင် s

မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင် မိခင်နဲ့ကလေးတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးဖို့အတွက် 3MDG ဆိုတဲ့ ထောင်စုနှစ် ရည်မှန်းချက် သုံးခုဆိုင်ရာ ရံပုံငွေအဖွဲ့ကို ရံပုံငွေဒေါ်လာ သန်းသုံးရာနဲ့ စတင်ထူထောင်တော့မှာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂ အပါအဝင်၊ သြစတြေးလျ၊ ဒိန်းမတ်၊နယ်သာလန်၊ နော်ဝေ၊ဆွီဒင်နဲ့ ဗြိတိန်နိုင်ငံတွေက ထည့်ဝင်ဖို့ကတိပြုထား တဲ့ဒီရန်ပုံငွေတွေကို စီမံခန့်ခွဲ့တဲ့ ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုဆိုင်ရာအဖွဲ့ UNOPS ကစီမံကိန်းဆိုင်ရာ အကြီးအကဲ Mr Neils Guenther ကို ဘီဘီစီက ဆက်သွယ်ပြီး ဒီစီမံကိန်းနဲ့ပတ်သက်လို့ မေးကြည့်တော့ သူကခုလိုစရှင်းပြပါတယ်။

ဖြေ။ ဒီရံပုံငွေအဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ထောင်စုနှစ်ရည်မှန်းချက်တွေထဲက ကျန်းမာရေးနဲ့ပတ်သက်တဲ့အပိုင်း ၃ ခုကို တိုးတက်အောင်ဆောင်ရွက်ဖို့ပါ။ စီမံကိန်းမှာပါဝင်တဲ့ အပိုင်း သုံးခုရှိတဲ့အနက် အရေးအကြီးဆုံးအပိုင်းကတော့ ကိုယ်ဝန်ဆောင် မိခင်နဲ့ကလေးသူငယ်တွေကို စောင့်ရှောက်ဖို့ဖြစ်ပါတယ်။ ဒီအတွက်မရှိမဖြစ် လိုအပ်တဲ့ဝန်ဆောင်မှု တွေကို မြို့နယ်အဆင့်မှာ ရွေးချယ်ပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒုတိယအပိုင်းကတော့ အဆုတ်ရောဂါ၊ ငှက်ဖျားရောဂါ နဲ့ အိတ်ချ်အိုင်ဗွီ၊အေ့စ် ရောဂါတိုက်ဖျက်ရေးအတွက် အကူအညီ မရကြသေးတဲ့နေရာတွေကို ဆက်ပြီး ကူညီနိုင်ဖို့ဖြစ်ပြီး၊ တတိယအပိုင်းကတော့ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ ကဏ္ဍကိုအားကောင်းလာအောင် အစိုးရကျန်းမာရေးဌာနနဲ့ပူးပေါင်း ဆောင်ရွက်ဖို့ဖြစ်ပါတယ်။

မေး။ အခုရရှိမယ့်ရံပုံငွေဟာဒေါ်လာသန်း ၃၀၀ ဆိုတော့အများကြီးလို့ထင်ရပေမယ့်မြန်မာတနိုင်ငံလုံးအတွက်ကျတော့ ဘယ်လောက်ထိရောက်အောင်ဆောင်ရွက်နိုင်မှာပါလဲ။

ဖြေ။ ဟုတ်ပါတယ်။ တချို့အလှူရှင်နိုင်ငံတွေမှာ ဏ္ဍာရေးအကျပ်အတည်းတွေ ရှိနေတဲ့ကြားမှာဘဲ လှူဒါန်းကြတာဖြစ်တဲ့ ဒီဒေါ်လာသန်း ၃၀၀ ဆိုတာအများကြီးလို့ထင်ရပေမယ့် မြန်မာနိုင်ငံနဲ့လူဦးရေနဲ့နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါမှာတော့ ကျွန် တော်တို့အနေနဲ့ အဓိကလိုအပ်တဲ့နေရာတွေမှာ အာရုံစိုက်ပြီးကူညီသွားရမှာဖြစ်ပါတယ်။ဒီတော့ဒေသအလိုက်ကျန်းမာရေး စောင့်ရှောက်မှုတွေတိုးတက်လာအောင်ကုလသမဂ္ဂနဲ့အတူလုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေပူးပေါင်းပြီး ဆောင်ရွက်ရမှာပါ။ တချိန်ထဲမှာဘဲ ကလေးမီးဖွားတဲ့ အမျိုးသမီးတွေ စောင့်ရှောက်တာမျိုးကိုဦးစားပေးပြီး မြို့နယ် အတော်များများမှာဆောင်ရွက်ပေးသွားဖို့ရှိပါတယ်။ ဒါပေမယ့်ဒီလိုဦးစားပေးအစီအစဉ်ကိုဘယ်လိုဆောင်ရွက်ကြမယ်ဆို တာတော့မဆုံးဖြတ်ရသေးပါဘူး။ အခုအခါကနဦးရနိုင်မယ့်ရံပုံငွေဆိုင်ရာသဘောတူညီချက်ကိုလက်မှတ်ထိုးလိုက်ပြီးပြီ ဖြစ်လို့ပထမအဆင့်အနေနဲ့ဝန်ကြီးဌာနတွေ၊ ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်သူတွေ၊ အန်ဂျီအိုတွေနဲ့ယူအန်အဖွဲ့အစည်း တွေကြားမှာဆွေးနွေးအကြံဉာဏ်ရယူမှုတွေလုပ်ပြီးဆုံးဖြတ်ကြမှာပါ။ အခုချိန်မှာတော့ဘယ်နေရာတွေကိုဦးစားပေးမယ် ဆိုတာကိုမဆုံးဖြတ်ရသေးပါဘူး။

မေး။ ဒါဆိုရင် ဒီရံပုံငွေတွေနဲ့ ဘယ်လိုဝန်ဆောင်မှုမျိုးတွေကိုပေးမှာပါလဲ။ ဥပမာ ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးသူငယ် တွေကိုဘယ်လိုအကူညီမျိုးတွေပေးမှာပါလဲ။

ဖြေ။ ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးသူငယ်တွေကိုကူညီမယ့်အထဲမှာမိသားစုစီမံကိန်းနဲ့ပတ်သက်တာတွေ၊ မီးဖွားပေး တဲ့အပိုင်းတွေ၊ အရေးပေါ်ကုသမှုပေးတာတွေ၊အဟာရပြည့်စုံရေး၊ စိတ်ချရတဲ့သွေးရရှိရေး၊ မွေးကင်းစကလေးငယ်တွေ ကိုစောင့်ရှောက်မှု၊ ငှက်ဖျားရေးဂါကာကွယ်ကုသရေး၊ ပြီးတော့သန့်ရှင်းတဲ့ရေရရှိရေးနဲ့တကိုယ်ရေသန့်ရှင်းရေးစတာ တွေကိုလုပ်ပေးနိုင်ဖို့မျှော်လင့်ပါတယ်။ ဒီလိုဝန်ဆောင်မှုတွေကိုပေးရာမှာလည်းအရင်က 3D Fund လိုရံပုံငွေနဲ့လုပ်ငန်း ဆောင်ရွက်ခဲ့တုန်းကအတွေ့အကြုံတွေကိုအခြေခံပြီးပိုကောင်းအောင်ဆောင်ရွက်သွားမှာပါ။ လုပ်ငန်းဆောင်ရွက်မှုပုံစံ မှာလည်း အထူးသဖြင့်မြို့နယ်အဆင့်ကျန်းမာရေးဝန်ထမ်းတွေကဦးဆောင်ပြီးကျန်တဲ့ယူအန်၊ အန်ဂျီအို စတဲ့အဖွဲ့အစည်း တွေကပူးပေါင်းဆောင်ရွက်သွားမှာပါ။

မေး။ အခုအချိန်မှာအခြေအနေတွေကလည်းအတော်ပြောင်းလဲလာပြီဆိုတော့ ဒီကျန်းမာရေးစောင့်ရှောက်မှုတွေဟာအရင် ကမရောက်နိုင်သေးတဲ့နေရာတွေ၊ ဥပမာ ကရင်တို့ကချင်တို့လိုဒေသတွေဆီ ရောက်နိုင်လိမ့်မယ်လို့ ထင်သလား။

ဖြေ။ ဒီလိုရောက်နိုင်ဖို့ဆိုတာကတော့အခုချိန်အထိစိန်ခေါ်မှုတခုအနေနဲ့ရှိနေပါသေးတယ်။ ဒါပေမယ့်အဆုတ်ရောဂါ၊ ငှက်ဖျားရောဂါနဲ့ အိတ်ချ်အိုင်ဗွီအေ့စ်စတဲ့ရောဂါသုံးမျိုးတိုက်ဖျက်ရေးစီမံကိန်းကိုလုပ်ကတည်းက တတ်နိုင်သမျှ နေရာ အနှံ့ဆီရောက်နိုင်ရေးကိုရည်ရွယ်ချက်ထားခဲ့ပါတယ်။ အလွယ်တကူရောက်နိုင်တဲ့နေရာတွေမှာလည်းတခြားဆောင်ရွက် နေတဲ့စီမံကိန်းတွေနဲ့ အပြန်အလှန်အထောက်အကူပြုနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ လက်တွေ့ကျကျဘယ်နေရာတွေအထိသွား နိုင်မလဲဆိုတာကိုလည်းထည့်စဉ်းစားရပါတယ်။ ဒါပေမယ့် အကူညီအလိုအပ်ဆုံးနေရာတွေကိုကျွန်တော်တို့ဦးစားပေး သွားမှာပါ။ ရံပုံငွေစီမံခန့်ခွဲရသူတဦးအနေနဲ့ပြောရရင်ဒီစီမံကိန်းတွေအောင်မြင်ရေးမှာအစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှု ဟာသိပ်အရေးကြီးပါတယ်။ အခုအချိန်အထိအစိုးရဖက်ကအလွန်အပြုသဘောဆောင်တဲ့တုံ့ပြန်မှုတွေရှိပါတယ်။ဒီတော့ စိန်ခေါ်မှုတွေရှိနေတဲ့ကြားမှာဘဲအောင်မြင်ဖို့မျှော်လင့်ချက်တွေလည်းရှိနေတယ်ဆိုတာကိုပြောချင်ပါတယ်။