မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့ အခွင့်အလမ်း ရှိပြီလား

ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် General Electric GE ကုမ္ပဏီ ရန်ကုန်မြို့မှာ သဘောတူ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်နိုင်ဖို့ အမေရိကန် အစိုးရက လမ်းဖွင့် ပေးလိုက်ပြီး ရက်ပိုင်း အကြာမှာ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ မြန်မာနိုင်ငံကို ရောက်ရှိ နေကြပါပြီ။

ရန်ကုန်မြို့ အမေရိကန် သံရုံးမှာ စနေနေ့က ပြုလုပ်တဲ့ ဧည့်ခံပွဲကို တက်ရောက်ခဲ့တဲ့ McDermott Asia-Pacific ရေနံနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေရေး ကုမ္ပဏီ က ဗီယက်နမ် အခြေစိုက် စီပွားရေး ဖွံ့ဖြိုးမှု ဆိုင်ရာ ဒါရိုက်တာ Chris Rose ကို မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့ အခွင့်အလမ်း ရှိသလားလို့ ဆက်သွယ် မေးမြန်းရာမှာ ...

ဖြေ။ သေချာတာပေါ့။ ဒီနိုင်ငံမှာ တကယ့် စီးပွားရေး အခွင့် အလမ်းတွေ ဘယ်လို ရှိနေသလဲ ဆိုတာကို အရင် ဆန်းစစ် ရပါမယ်။ ဒီအခွင့် အလမ်းတွေနဲ့ ပတ်သက်ပြီး တကယ့် လက်တွေ့ ဖြစ်နိုင် မလား ဆိုတာကို စမ်းကြည့် ရမှာပေါ့။

မေး။ တချိန်ထဲမှာဘဲ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ် ဆိုရင် နိုင်ငံတကာ ကျင့်ဝတ် စည်းမျဉ်းတွေနဲ့ အညီ ဆောင်ရွက်ဖို့ လိုတယ် ဆိုတာကို လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြ သတိပေး နေတာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ရော ဘယ်လို့ သဘောထား ပါသလဲ။

ဖြေ။ ဘယ်လို ရင်းနှီးမြှုပ်နှံမှုမျိုးကိုပဲ လုပ်လုပ် တာဝန်ရှိရှိနဲ့ ဆောင်ရွက် ကြဖို့လိုတယ်လို့ သမ္မတ အိုဘားမားကလည်း ပြော ထားတာရှိပါတယ်။ ဘယ်နိုင်ငံမှာဘဲ ဖြစ်ဖြစ် ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် ဒီလိုဘဲ ဖြစ်သင့်ပါတယ်။ ဒီတော့ ကျွန်တော်တို့ကို အဲဒီလိုဘဲ ဆောင်ရွက်ကြဖို့ နောက်ထပ် သတိပေးတာတခု အနေနဲ့ဘဲ မှတ်ယူပါတယ်။

မေး။ နောက်တခုက မြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေကို အခုမှ အတည်ပြုနိုင်ဖို့ ကြိုးစားနေတုန်းပါ။ ဒီဥပဒေ နဲ့ ပတ်သက်လို့ အများ ပြည်သူ ကလည်း ပွင့်ပွင့်လင်းလင်း သိပ်မသိရပါဘူး။ ဒီတော့ ရင်းနှီး မြှုပ်နှံမှုတွေကို ဘယ်လို လုပ်ကြ မှာလဲ။

ဖြေ။ ကျွန်တော့်အမြင် နေ့တိုင်းမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာကို လူတိုင်း နားလည်ကြဖို့ လိုမယ်ထင်ပါတယ်။ ရင်းနှီး မြှုပ်နှံမှု ဥပဒေ ထွက်လာရင်ပဲ ဖြစ်ဖြစ်၊ ရေနံနဲ့ ဓါတ်ငွေ့ ရှာဖွေရေး လုပ်ကွက်တွေ ကြညာတာပဲ ဖြစ်ဖြစ် ဒါတွေဟာ တိုးတက်မှုတွေ ဖြစ်လာမှာပါ။ ဒါပေမယ့် ရမ်းပြီး အလွန်အကျွံ အကောင်းမြင် နေလို့တော့ မဖြစ်ပါဘူး။

မေး။ မြန်မာအစိုးရရဲ့ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်း ကော်ပိုရေးရှင်းဟာ ပွင့်လင်း မြင်သာမှု မရှိဘူးလို့ ဝေဖန် ခံနေရပါတယ်။ ဒါကြောင့် အခု ရင်းနှီး မြှုပ်နှံချင်တဲ့ ကုမ္ပဏီတွေ အတွက် အခက်အခဲ ဖြစ်နိုင်ပါ သလား။

ဖြေ။ ဒါတော့ ကျွန်တော် မဖြေနိုင်ပါဘူး။ တကမ္ဘာလုံးမှာ ရှိတဲ့ ရင်းနှီးမြှုပ်နှံဘက် တွေနဲ့ အလုပ်လုပ်ကြတဲ့ အခါ အနည်းနဲ့ အများ ဆိုသလို ပွင့်လင်း မြင်သာမှု ရှိအောင် ကျွန်တော်တို့ ကြိုးစားကြ ပါတယ်။ တကယ်လို့ သယံဇာတ ပိုင်ဆိုင်မှု ရှိတဲ့ သူနဲ့ တွဲလုပ်ရမယ် ဆိုရင်လဲ ဒါသူ့နဂို သဘာဝ အတိုင်းဘဲလေ။ ကျွန်တော်တို့ဟာ ဘယ်သူနဲ့ တွဲပြီး စီးပွားရေး လုပ်နေသလဲ ဆိုတာ ကို နားလည် ရမှာပါ။ ဒါကို နားလည်အောင် အတတ်နိုင်ဆုံး လုပ်ရမှာပါ။ ပွင့်လင်းမြင်သာမှု ရှိတဲ့အခါ အချင်းချင်း နားလည်မှုလည်း ပိုရှိလာမှာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ