လူမှုရေးသဟဇာတဖြစ်ဖို့ ခေါင်းအေးအေးနဲ့ရှင်းရမယ်

Ko Ko Gyi
Image caption ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ရခိုင့်အရေးကို ရေရှည်မြော်မြင် စဉ်းစားဖို့ ပြောပါတယ်။

ရခိုင်သပ်သပ် မွတ်ဆလင်သပ်သပ် ခွဲခြားနေထိုင်ဖို့ ရေရှည်မှာ မဖြစ်နိုင်တာမို့ လူမှုရေး သဟဇာတဖြစ်ဖို့ ခေါင်းအေးအေးထား ဆုံးဖြတ်ကြဖို့ နှစ်ဘက်စလုံးကို တိုက်တွန်းခဲ့တယ်လို့ ရခိုင်ဒေသကို ဒီရက်ပိုင်း အတွင်းက သွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ဘီဘီစီကို ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ ရခိုင် ပဋိပက္ခတွေ ဖြစ်ပွားအပြီး တလကျော် အကြာမှာ ရခိုင်ဒေသကို ကိုယ်တိုင် ကွင်းဆင်း သွားရောက်ခဲ့ပြီး ဒုက္ခသည် စခန်းမှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ အားပေး ခဲ့သလို လှူဒါန်းမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

ရခိုင်ပြဿနာဟာ ကာလရှည်ကြာ ပြဿနာတခု ဖြစ်တယ်၊ တရားမဝင် ဝင်လာတဲ့ ဘင်္ဂါလီတွေထဲမှာ နိုင်ငံသား ဖြစ်နေတာတွေ ရှိတယ်၊ နိုင်ငံသား အထောက်အထား မရှိဘဲ နေနေတာတွေလည်း ရှိတယ်၊ ဘင်္ဂါလီ မွတ်ဆလင်တွေရဲ့ လူဦးရေ တိုးနှုန်းကလည်း မြင့်မားတာကြောင့် ဒေသခံ ရခိုင်တွေမှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ရှိနေတယ်လို့ သူ့အမြင်ကို ထောက်ပြပါတယ်။

ဒါကြောင့် မီးရှို့ဖျက်စီး ခံခဲ့ရတဲ့ နေအိမ်တွေကို ပြန်ဆောက်ပေးဦးတော့ ရခိုင်တွေမှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ရှိနေကြပြီ၊ ယောက်ျားရင့်မကြီးတွေ ဖြစ်ရက်နဲ့ မျက်ရည်ကျတာတွေကို မြင်ခဲ့ရတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်က ပြောပါတယ်။

ကမ္ဘာမှာ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ဒုက္ခရောက်သူကို ကူညီရမယ်၊ ဂရုဏာထားရမယ် လူသားဆန်တဲ့ စိတ်ဓာတ်မျိုး ရှိတတ်ပေမယ့် နိုင်ငံသား ဖြစ်မှုနဲ့ ပတ်သက်လို့ တိတိကျကျ ကိုင်တွယ်ဖို့ လိုတယ်လို့လည်း ဦးကိုကိုကြီးက ရခိုင့်အရေးနဲ့ ပတ်သက်ပြီး သေသေချာချာ ပြောပါတယ်။

နိုင်ငံသားဖြစ်ဖို့ ကြိုးစားသူတွေဟာ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိရမယ်၊ နိုင်ငံသား တာဝန်ကိုလည်း ထမ်းရွက်ရမယ်၊ တခါ ပြည်သူတွေအတွက် လုံခြုံ စိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ နိုင်ငံ့အရေးမှာ တာဝန်ရှိသူအားလုံးရဲ့ တာဝန်ဖြစ်တယ်၊ နိုင်ငံသားတွေနဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးအတွက် အစိုးရပဲဖြစ်ဖြစ် သူတို့လို နိုင်ငံရေး အင်အားစုပဲဖြစ်ဖြစ် တသဘောထဲ ရှိသင့်တယ်လို့လည်း ဦးကိုကိုကြီးက ပြောပါတယ်။

ရခိုင်ဒေသမှာ ကွင်းဆင်း ကြည့်ရှုလို့ သူတို့အနေနဲ့ စိတ်ခွန်အားပေးတာ၊ နှိုင်းဆ သုံးသပ်ပေးတာတွေကို ရခိုင်သားတွေဟာ လောလောဆယ် စိတ်ခံစားမှုတွေ ရှိနေပေမယ့်လည်း လေးလေးနက်နက်နဲ့ ရေရှည်ကို မြော်မြင်လို့ စဉ်းစားနိုင်လိမ့်မယ်လို့ သူထင်မြင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်က ထင်မြင် ယူဆပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဇွန် ၈ က ဘင်္ဂါလီ မွတ်ဆလင်တွေက ရခိုင်တိုင်းရင်းသားတွေရဲ့ အိမ်တွေကို မီးရှို့တာ၊ လူတွေကို သတ်ဖြတ်တာတွေကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အပျက်အစီးတွေကိုလည်း ကြည့်ရှုခဲ့တယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ ရခိုင်တွေ မရှိသလောက် ဖြစ်နေပြီလို့ သူက သတိပေး ပြောပြပါတယ်။