အမေရိကန် ကုမ္ပဏီ ၃၈ ခု ရင်းနှီးမြှုပ်နှံဖို့ လေ့လာ

Nelson ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ ဒါရိုက်တာ အန်ထော်နီ နယ်လ်ဆင်

သက်တမ်း ၂၇ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ US-ASEAN Business Council ဟာ နယ်ပယ်စုံက အမေရိကန် ကုမ္ပဏီ ပေါင်း ၃၈ ခု ပါဝင်ပြီး ရင်းနှီးမြှုပ်နှံဖို့အတွက် အခွင့်အလမ်းနဲ့ အနေအထား လေ့လာရေးအတွက် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဒီကနေ့မှာတော့ ရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံလို့ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံကို ဆန်ရှင်ပြုလုပ်ထား လုံးဝ မရုပ်သိမ်းသေးပေမယ့် အခုလို ဆိုင်းငံ့ထားဆဲ ကာလမှာ လာရောက်ကြည့်နေပြီဆိုတော့ စိန်ခေါ်မှုတွေ ဘာတွေ ရှိနေပါသလဲ။

အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ US-ASEAN Business Council ရဲ့ လူထုဆက်ဆံရေး ဒါရိုက်တာ အန်ထော်နီ နယ်လ်ဆင်ကတော့ မြန်မာနိုင်ငံဟာ ဝန်းကျင်သစ်ဖြစ်ပါတယ်၊ လေ့လာစရာတွေ များပါတယ်၊ အမေရိကန် အစိုးရရဲ့ အထွေထွေ လိုင်စင်လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီးလည်း သေချာ လေ့လာ နေပါတယ် လို့ ဆိုပါတယ်။

လျှပ်စစ်မီး၊ လမ်းပန်း ဆက်သွယ်ရေး စတဲ့ အခြေခံလိုအပ်ချက်တွေလည်း ရှိပါသေးကြောင်း၊ ဒါ့အပြင် မြန်မာက ဒေသတွင်းနဲ့ ကမ္ဘာကြီးကို ချိတ်ဆက်နိုင်ဖို့ အိုင်စီတီကဏ္ဍ ဒစ်ဂျစ်တယ် အဆောက်အအုံ ဖွံ့ဖြိုးဖို့လည်း လိုသေးကြောင်းလည်း ပြောပါတယ်။

ဒီနေ့ခေတ် စီးပွားရေး လုပ်တာမှာ သတင်း အချက် အလက်က အရေးကြီးတာမို့ ဒီလို ခေတ်မီ ဆက်သွယ်ရေး မရှိဘဲနဲ့လည်း မဖြစ်နိုင်ဘူး လို့ဆိုပါတယ်။

နောက်တခုက ငွေကြေး စီးဆင်း မှုနဲ့ ပတ်သက်ပြီး အကြွေး သုံးခွင့်တွေ ရဖို့၊ ကြွေးဝယ် ကဒ်တွေ သုံးနိုင်ဖို့ လည်း လိုတယ် လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာက ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်တာ အပါအဝင် နယ်စပ် ဒေသတွေမှာက မငြိမ်းချမ်းမှုတွေ ရှိနေသလို ရခိုင်မှာလည်း ပြဿနာတွေက ရှိနေ တဲ့ အချိန်မှာ အမေရိကန်တွေက အပြေးအလွှားလာကြပြီး ရင်းနှီးမြှုပ်နှံဖို့ တွေ၊ လေ့လာတွေ လုပ်တာက ဘာကြောင့်လဲ့လို့ သတင်းထောက် တယောက်ရဲ့ အမေးကိုတော့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ကျင်က ဆိုင်းငံ့ထားတာပါ၊ ရုပ်လိုက်သေးတာ မဟုတ်ဘူး ဆိုတာ သူတို့ နားလည်ပါတယ်လို့ ဆိုပါတယ်။ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ မရှိဘဲ အလုပ်လုပ်သွားနိုင်ဖို့ ကြိုးစား သွားမယ်လို့လည်း ဆိုပါတယ်။

ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်း တွေမှာ ရင်းနှီး မြှုပ်နှံ မှုတွေ အကြီး အကျယ် လုပ်ဖို့ ရှိပါသလားလို့ သတင်းထောက် တယောက် မေးတာကိုတော့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ကလည်း လုပ်ငန်းတွေထဲက တခု ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်း တွေက ပမာဏ သိပ်ကြီး မားတော့ တဖြည်းဖြည်းနဲ့ လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။