ဗိုလ်ချုပ် ရုပ်ရှင်အတွက် သရုပ်ဆောင်တွေ နောက်ဆုံးအဆင့် ရွေး

ဓာတ်ပုံ မူပိုင် AP
Image caption ဗိုလ်ချုပ်ရဲ့ နှစ်တရာပြည့် မွေးနေ့အမှီ ဗိုလ်ချုပ် အထ္ထုပတ္တိ ရုပ်ရှင်ကား ရုံတင်နိုင်အောင် စီစဉ်ထား

မကြာခင် ရိုက်ကူးဖို့ စီစဉ်နေတဲ့ ဗိုလ်ချုပ် အောင်ဆန်း အထ္ထုပတ္တိ ရုပ်ရှင်ဇာတ်ကား အတွက် ဗိုလ်ချုပ်နဲ့ ဇနီး ဒေါ်ခင်ကြည်တို့ နေရာမှာ ပါဝင် သရုပ်ဆောင်ဖို့ လျှောက်ထား သူတွေထဲက နောက်ဆုံး အဆင့် သရုပ်ဆောင် တွေကို မနေ့က ရွေးချယ်လိုက်ပါပြီ။

ဒီလို ရွေးချယ်ရာမျာ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မီတီ အဖွဲ့နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ စစ်ဆေး အကဲဖြတ် ရွေးချယ်ခဲ့ကြတာပါ။

ရုပ်ရည်၊ အသံ၊ အသက်အရွယ်၊ ဉာဏ်ရည် ဉာဏ်သွေး၊ ဗိုလ်ချုပ်အပေါ် ရှူမြင်ချက်၊ ဒီဇာတ်ကားမှာ ပါဝင်လိုတဲ့ ရည်ရွယ်ချက်၊ တိုင်းပြည်အပေါ် သဘောထား စတဲ့ အချက်တွေအပေါ် မူတည်ပြီး ရွေးချယ်ခဲ့တယ်လို့ ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မီတီ အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဇော်သက်ထွေး က ဘီဘီစီကို ပြောပြပါတယ်။

တိုင်းပြည် လွတ်လပ်ရေး ရအောင် ဆောင်ရွက်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း အပေါ် ကြည်ညို ရင်းစွဲစိတ်နဲ့ ဗိုလ်ချုပ်ရဲ့ နေရာမှာ ပါဝင် သရုပ်ဆောင်လိုကြတာ ဖြစ်ပေမယ့် လူငယ် အတော်များများအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း၊ တိုင်းပြည်ရဲ့ သမိုင်းကြောင်း ကို ခြေခြေမြစ်မြစ် နားလည် သဘောပေါက်ထားခြင်း မရှိတာ တွေ့ရပြီး ဒါဟာ ဖြစ်ထွန်းခဲ့တဲ့ ခေတ်ရဲ့ အားနည်း ချို့ယွင်းချက်တွေကြောင့် ဖြစ်တယ်လို့ ကိုဇော်သက်ထွေးက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့မိခင် ဒေါ်ခင်ကြည်ဟာ ဘီးဆံပတ်ကြီးနဲ့ ရှေးအမျိုးသမီးကြီး ပုံစံမျိုး မဟုတ်ပဲ သွက်သွက်လက်လက် ခေတ်မှီမှီနဲ့ အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တဲ့ သူနာပြု ဆရာမတဦး ဖြစ်တာမို့ ဒေါ်ခင်ကြည်နေရာမှာ ဝင် သရုပ်ဆောင်မယ့် သူတွေ အနေနဲ့ အင်္ဂလိပ်စာ ပိုလေ့ကျင့်ဖို့ လိုတယ်လို့ အကြံပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပတ္တိ ရုပ်ရှင်ဇာတ်ကားကို ၂၀၁၃ ခုနှစ်မှာ စတင် ရိုက်ကူးမှာ ဖြစ်ပြီး ရိုက်ကူးချိန် ၂နှစ် သတ်မှတ်ထားကြောင်းနဲ့ ၂၀၁၅ ခုနှစ်မှာ ကျရောက်မယ့် ဗိုလ်ချုပ် အောင်ဆန်းရဲ့ နှစ်တရာပြည့် မွေးနေ့ အမှီ ရုံတင်နိုင်အောင် စီစဉ်ထားကြောင်း ကိုဇော်သက်ထွေးက ပြောပြပါတယ်။