အလုပ်သမား ဆန္ဒပြမှု ပိုများလာ

_bbc_workers ဓာတ်ပုံ မူပိုင် bbc
Image caption စက်ရုံ အလုပ်သမားများ

မန္တလေးတိုင်း ပြည်ကြီးတံခွန် မြို့နယ် စက်မှုဇုံ ၁ မှာ ရှိတဲ့ ဗီဗီ အချိုရည်စက်ရုံ က အလုပ်သမား တွေဟာ လုပ်ခ လစာ တိုးမြင့်ရေး နဲ့ အလုပ်ခွင် စည်းကမ်း တချို့ ပြင်ဆင်ပေးဖို့ တောင်းဆိုချက် ၁၄ ချက် နဲ့ အတူ တောင်းဆို ဆန္ဒ ပြကြ ပါတယ်။

ဗီဗီ အချိုရည်စက်ရုံ က အလုပ်သမား ၂၀၀ ကျော်ဟာ အခြေခံလစာ တိုးမြင့်ရေး၊ အစိုးရ ရုံးပိတ်ရက်တိုင်း စက်ရုံ ပိတ်ပေးရေး၊ တနေ့ အလုပ်ချိန် ၈ နာရီ ထက်ပိုရင် အချိန်ပိုလုပ်ခ ပေးဖို့နဲ့ လူမှုဖူလုံရေး အခကြေးငွေ ကို အလုပ်ရှင် က ကျခံရေး စတာတွေ ပါဝင်ပါတယ်။

ဒါကို အလုပ်ရှင် တရုတ်အမျိုးသား ပိုင်ရှင် က တောင်းဆိုချက် အားလုံး ကို လိုက်လျောပေးလိုက်ပါပြီ။ အခုလို အလုပ်သမား ဆန္ဒပြမှု တွေ မန္တလေး စက်မှုဇုံဘက် မှာပေါ်ပေါက်ခဲ့တာ ပြီးခဲ့တဲ့ မေလ ကုန်ပိုင်းကတည်းက ဆိုရင် စက်ရုံ ခြောက်ခု လောက်မှာ ဖြစ်ပွားခဲ့ပါတယ်။ သူတို့ ရဲ့ တောင်းဆိုချက် အားလုံးနီးပါး ရခဲ့တယ်လို့ အလုပ်သမား ခေါင်းဆောင်တဉီး က ဘီဘီစီ ကို ပြောပါတယ်။

အခုလို အလုပ်ရှင် နဲ့ အလုပ်သမားတွေ ကြားမှာ မကြာခဏ ဆန္ဒပြ တောင်းဆိုမှု တွေ ပေါ်ပေါက်ရခြင်း နဲ့ ပတ်သက်ပြီး မန္တလေး က အလုပ်သမားရေး ကူညီဆောင်ရွက် ပေးနေတဲ့ ကိုသိန်းအောင်မြင့် က အလုပ်ရှင် နဲ့ အလုပ်သမားကြား မှာ အသွားအပြန် အကျိုးခံစားမှု မမျှမတ ဖြစ်နေတဲ့ အတွက် ကနေ့ ကုန်စျေးနှုန်း ကြောင့် မိသားစု စားဝတ်နေရေး၊ သားသမီး ပညာရေး၊ ကျန်းမာရေး စရိတ် စတာတွေမှာ အခက်အခဲ ရှိနေပုံ၊ အလုပ်သမား ရပိုင်ခွင့် တွေ ကို အလုပ်ရှင်တွေ ဘက်က လျှစ်လျူရှု ရာက ဆန္ဒ ပြမှုတွေ တိုးပွားလာရကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

ရန်ကုန် စက်မှုဇုံမှာ လည်း ဒီနှစ်ဆန်းပိုင်းက စပြီး စက်ရုံ ၂ဝ မှာ ဆန္ဒ ပြမှုတွေ ဖြစ်ခဲ့ပေမယ့် အများစု က တောင်းဆိုချက်ရခဲ့ပေမယ့် တချို့ ဆိုရင် အလုပ်ထုတ်ခံ ထိတာတွေ ရှိခဲ့ပါတယ်။