ဦးအောင်ကြည်နဲ့ ထိုင်းရောက်မြန်မာ အဖွဲ့တွေတွေ့ဆုံ

siam_international_
Image caption ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ

မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ၃ ရက်ကြာ ထိုင်းနိုင်ငံ ခရီးစဉ် မှာ လိုက်ပါလာတဲ့ မြန်မာအလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်ဟာ ဒီကနေ့ မနက်က ထိုင်းနိုင်ငံက ရွှေ့ပြောင်း အလုပ်သမား အရေး ကူညီဆောင်ရွက်နေကြတဲ့ အဖွဲ့တွေနဲ့တွေ့ဆုံခဲ့ပါတယ်။

အလုပ်သမားဝန်ကြီးဦးအောင်ကြည်ဟာ ရွှေ့ပြောင်း အလုပ်သမား အရေး ကူညီဆောင်ရွက်နေကြတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ၊MAP Foundation ၊ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း၊ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့၊စတဲ့ အဖွဲ့က တာဝန်ရှိသူတွေနဲ့ မြန်မာသံရုံးမှာ တွေ့ဆုံခဲ့တာပါ။

ဒီလို တွေ့ဆုံကြတာနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းကတော့ ဦးအောင်ကြည်က အလုပ်သမား အရေး ဆောင်ရွက် နေကြသူတွေဆီက အရေးအကြောင်းမှာ သူ့ဆီကို တိုက်ရိုက် ဆက်သွယ်ပြီး အလုပ်သမား တွေရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ တင်ပြ နိုင်ကြောင်းတွေကို ပြောခဲ့တဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။

အရင်က မြန်မာအစိုးရကရဲ့ ပူးပေါင်း ကူညီမှုတွေ မရခဲ့ပေမယ် အခု ၂၀၁၂ခုနှစ်ကစလို့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးရဲ့ ပူးပေါင်း ကူညီမှုတွေ ရှိလာတယ်လို့ ပြောပါတယ်။

အလုပ်သမားဝန်ကြီးဦးအောင်ကြည်ဟာ ရွေ့ပြောင်း အလုပ်သမား အရေးနဲ့ ပတ်သက်လို့ ဒီကနေ့ ထိုင်းပြည်ထဲရေးဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နောက်ပြီး ဘန်ကောက်မြို့ ဝပ်ဆီစဝါ ၃၁ လမ်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို ယာယီ ပတ်စပို့ ထုတ်ပေးတဲ့ ရုံးကိုလည်း သွားရောက်ခဲ့ ပါတယ်။