ကင်တားနားကို မြန်မာ အစိုးရ ဖိတ်ကြား

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား

မြန်မာ အစိုးရရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားဟာ ဇူလိုင်လ ၃၀ ရက် ကနေ သြဂုတ်လ ၄ရက်နေ့ အထိ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ ကချင်နဲ့ ရခိုင်ဒေသက အကြမ်းဖက်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ ကိစ္စရပ်တွေကို ဒီခရီးစဉ် အတွင်း ဆွေးနွေးသွားမယ်လို့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ ကင်တားနားဟာ နေပြည်တော်နဲ့ ရန်ကုန်မှာ ရှိတဲ့ အစိုးရ အရာရှိတွေ ၊ နိုင်ငံရေး သမားတွေ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့နဲ့ လူမှု အခြေပြု အဖွဲ့အစည်းတွေ အပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှု တွေ လေ့လာစုံစမ်း ရအောင် စစ်တွေမြို့ ကို အစိုးရသွားခွင့်ပြု မှာ ဖြစ်တဲ့ အတွက် အစိုးရ အာဏာပိုင် တွေနဲ့ ဆွေးနွေးဖို့ ရှိကြောင်း၊ ကုလသမဂ္ဂ ဌာနေ ဝန်ထမ်းတွေ ကို ဖမ်းဆီး ထိန်းသိမ်း ထားတဲ့ ကိစ္စ လည်း လေ့လာ စုံစမ်းမယ့် အကြောင်း မစ္စတာ ကင်တားနား က ဘီဘီစီ ကို ပြောပါတယ်။

ကချင်ပြည်နယ် မှာ တိုက်ပွဲတွေ ဖြစ်ပွားတဲ့ အတွက် ကချင်တိုင်းရင်းသားတွေ ရွာပုန်းရွာရှောင် ဘဝ နဲ့ စစ်ပြေး ဒုက္ခသည် ဖြစ်နေကြတာ ကို စိုးရိမ် မကင်းဖြစ်ပေမယ့် သူ့ ကို သွားခွင့် မပြုတဲ့ အတွက် ရန်ကုန်ရှိ ကချင် အရေးကိစ္စ လေ့လာ ဆောင်ရွက် ပေးနေသူ တွေ နဲ့ တွေ့ဆုံ ဆွေးနွေးမယ့် အကြောင်း ဘီဘီစီ ကို မစ္စတာ ကင်တားနား က ရှင်းပြ ပါတယ်။