၈၈ ကျောင်းသားတွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဖို့ရှိ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption စုဆောင်း ရထားတဲ့ ပြည်သူ့အသံတွေကို သမ္မတ ဦးသိန်းစိန်ကို ပြန်ပြောပြမယ်လို့ ကိုမင်းကိုနိုင်ပြော

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးနဲ့ တိုင်းပြည် အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက် နေကြတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက သမ္မတ ဦးသိန်းစိန်နဲ့ မကြာခင် တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

တိုင်းပြည်အရေး တည်ဆောက်တဲ့ နေရာမှာ ခေတ်ဟောင်း စနစ်ဟောင်းကို ထားခဲ့ပြီး စနစ်သစ်ဆီ သွားနေတာ ဖြစ်တဲ့အတွက် နောက်ကြောင်း ပြန်မလှည့်ရုံ မက ရှေ့ကို ချီတက်နိုင်အောင် တိုင်းပြုပြည်ပြု တည်ဆောက်တဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးရေးဟာ မလုပ်မဖြစ် လိုအပ်တယ်လို့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က ဘီဘီစီကို ပြောပါတယ်။

ဒါ့ကြောင့် နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံဖို့ အခုလို စီစဉ်တာ ဖြစ်ပြီး လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းနဲ့လည်း တွေ့ဆုံခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့တဲ့အခါ မည်ကာမတ္တ တွေ့ဆုံပွဲမျိုး မဖြစ်အောင် ဂရုစိုက်မှာ ဖြစ်ပြီး အနှစ်သားပါပါ တိုင်းပြည် အနာဂါတ်အတွက် အကျိုးရှိမယ့် သတင်းအချက်အလက်တွေ အပြန်အလှန် ဖလှယ် ဆွေးနွေးနိုင်တဲ့ အကျိုးရှိတဲ့ တွေ့ဆုံမှု ဖြစ်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

အဓိကကတော့ ၈၈ မျိုးဆက် ကျောင်းသားတွေ မြန်မာနိုင်ငံတဝှမ်း ပွင့်လင်း ခရီးစဉ်အတွင်း စုဆောင်းရခဲ့တဲ့ ပြည်သူ့အသံ၊ ပြည်သူ့ သဘောထားတွေကို ထင်ဟပ်နိုင်အောင် ကြိုးစားမယ်လို့လည်း ကိုမင်းကိုနိုင်က ပြောပါတယ်။