လယ်မြေ သိမ်းခံရမှုတွေအတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့ဖို့ လွှတ်တော်မှာ မဲခွဲ

Protesters demanding farmers' rights ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာ နိုင်ငံမှာ လယ်သမား အခွင့် အရေး ချိုး ဖောက် ခံရမှုတွေကြောင့် ဆန္ဒပြတာတွေ ရှိနေ

လယ်ယာမြေ သိမ်းဆည်း ခံရမှု ကိစ္စတွေနဲ့ ပတ်သက်တဲ့ နစ်နာမှု တွေကို စုံစမ်း ရေး အဖွဲ့ ဖွဲ့စည်းပြီး ဖြေရှင်း ဆောင်ရွက် သွားဖို့ အဆိုကို ကြာသပတေး နေ့က ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ် ခဲ့ကြ ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဇလွန် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ် တင်သွင်းတဲ့ အဆိုကို လွှတ်တော် အမတ် ၄၅ ယောက် ပါဝင် ဆွေးနွေး ခဲ့ကြပါတယ်။

ပြည်ထောင်စု လွှတ်တော် မှာ အမတ်တွေ ဆွေးနွေး အပြီး ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေွှမန်းက သုံးသပ် ဆွေးနွေးခဲ့ ပါတယ်။

သူကတော့ ထောက်ခံတယ် ကန့်ကွက် တယ်လို့ မဟုတ်ဘဲ လယ်ယာမြေ တွေနဲ့ ပတ်သက်တဲ့ မြေပုံ အတိအကျနဲ့ စာရင်း ဇယားတွေ မရှိတဲ့ကိစ္စ၊ ပွင့်လင်း မြင်သာမှု၊ အပြန် အလှန် ထိန်းကျောင်းမှု အားနည်းချက် စတာ တွေကို သုံးသပ် ဆွေးနွေးတဲ့ သဘောပဲလို့ ဒီအဆိုကို ထောက်ခံ ဆွေးနွေးသူ တစ်ယောက်ဖြစ်တဲ့ မအူပင်မြို့နယ်အန်အယ်လ်ဒီ အမတ် ဦးစိန်ဝင်းက ပြောပါတယ်။

အဲဒီနောက် လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအုန်းသန်းက အစိုးရ ဘက်က နေ ပြန်လည် ဖြေရှင်း ဆွေးနွေးခဲ့ ရာမှာ ပြည်နယ်နဲ့တိုင်း အစိုးရ အဖွဲ့တွေက လိုအပ်သလို ကိုင်တွယ် ဖြေရှင်း သွားဖို့သာ ပြောခဲ့ပြီး လွှတ်တော်မှာ ကိုင်တွယ် ဆောင်ရွက်ဖို့ မလိုတဲ့ အကြောင်း ပြောခဲ့ တယ်လို့ သိရ ပါတယ်။

အားလုံး ဆွေးနွေး အပြီးမှာ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီအဆိုကို မှတ်တမ်းတင်ရုံ တင်မယ်လို့ ပြောဆို တာကို မူရင်း အဆိုရှင် ဦးတင်ထွတ်က လွှတ်တော်ကနေ အဆုံး အဖြတ် ပေးဖို့ ပြောခဲ့တဲ့ အတွက် နောက်ဆုံးမှာ လျှို့ဝှက် မဲပေး စနစ်နဲ့ ဆုံးဖြတ် ခဲ့ကြပါတယ်။

နောက်ဆုံးမှာ ထောက်ခံမဲ ၃၉၅ မဲ၊ ကန့်ကွက်မဲ ၁၇၆ မဲနဲ့ ကြားနေ ၂၄ မဲ နဲ့ အဆို တင်သွင်းသူ ဘက်က အနိုင် ရခဲ့တာကြောင့် လယ်ယာမြေ တွေ သိမ်းဆည်း ခံရတဲ့ လယ်သမားတွေရဲ့ နစ်နာမှု တွေကို စုံစမ်း ဖို့ စုံစမ်းရေး အဖွဲ့ ဖွဲ့စည်း ခွင့် ရသွားပါပြီ။

လယ်သမားတွေရဲ့ နစ်နာမှုတွေနဲ့ ပတ်သက်တဲ့ ဒီအဆိုဟာ အန်အယ်ဒီ အမတ်တွေ လွှတ်တော်ထဲ ရောက်လာခဲ့ ပြီးတဲ့ နောက်မှာ အမတ် ဦးရေ အများဆုံး ထောက်ခံ ဆွေးနွေး ကြတဲ့ အဆို ဖြစ်တယ်၊ အရင် တုန်းက တောင်သူ လယ်သမား အရေး ကိစ္စတွေမှာ လွှတ်တော်တွင်း မေးခွန်း မေးတာတွေ လောက်ပဲ ရှိခဲ့ပြီး အဆို တင်သွင်း ဆွေးနွေးတယ် ဆိုတာ ဒါ ပထမဆုံးပဲလို့ အန်အယ်လ်ဒီ အမတ်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ