ထိုင်းမြန်မာ ဆန်စပါး အသင်းဖွဲ့ဖို့ ထိုင်းဘက်က ကြိုးစားနေ

ဓာတ်ပုံ မူပိုင် thai rice
Image caption ထိုင်းနိုင်ငံဟာ အရင်က ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံး နိုင်ငံ ဖြစ်ခဲ့

ထိုင်း-မြန်မာ ဆန်စပါး အသင်း ဖွဲ့ဖို့ ထိုင်းအစိုးရ ဘက်က ကြိုးပမ်းနေပါတယ်။

ထိုင်း-မြန်မာ ဆန်စပါး အသင်း ဖွဲ့ရေးနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်က သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ် အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ၊ ဗီယက်နမ် စတဲ့ ဆန်စပါးထုတ်လုပ်တဲ့ နိုင်ငံ တွေနဲ့ ပူးပေါင်းပြီး ဆန်စပါး ထုတ်လုပ်တဲ့ နိုင်ငံများအသင်းဆိုတာမျိုး ဖွဲ့ဖို့ ထိုင်းနိုင်ငံက ကြိုးစားနေတာကြာဖြစ်ပြီး အခုလို ပူးတွဲ အသင်းဖွဲ့ဖို့ ရည်ရွယ်ချက်ဟာ ဆန်စပါးစျေးကို ထိန်းညှိဖို့ ဖြစ်တယ်လို့ မြန်မာသမ္မတရဲ့ ထိုင်းခရီးစဉ်မှာ လိုက်ပါ သွားတဲ့ မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်သူများ အသင်းရဲ့ အတွင်းရေးမှုး ဦးရဲမင်းအောင်က ပြောပါတယ်။

ထိုင်းနိုင်ငံ နိုင်ငံခြား ဆန်တင်ပို့ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ကစ်ကျား ဝေ့တ်ကရိုင်စီကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရပိုင်းက ပြောနေတာ ကြာပြီ ဖြစ်ပေမယ့် တကယ်တမ်း လက်တွေ့ ဖြစ်လာဖို့က ခက်ခဲတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အစိုးရ စဉ်းစားတာက ဆန်ထုတ်တဲ့နိုင်ငံတွေ အပြိုင်အဆိုင် ဈေးလျှော့ပြီး ရောင်းရင် နစ်နာမှုတွေ ဖြစ်မှာကြောင့် ဆန်ထုတ်လုပ်တဲ့ နိုင်ငံတွေ ပေါင်းလိုက်ရင် ဈေးကို ထိန်းညှိလို့ ရမယ်လို့ တွက်ကြောင်း၊ ဆိုလိုတာက အိုပက်လို ရေနံထုတ်တဲ့ နိုင်ငံတွေ ပေါင်းထားပြီး ရေနံဈေး ထိန်းသလိုမျိုး လုပ်ချင်တာ ဖြစ်ကြောင်း၊ ဒါပေမယ့် ရေနံဈေးကျရင် ရေနံ မထုတ်ဘဲ ထားလို့ ရပေမယ့် ဆန်က ၄ လကျော်ရင် ပိုးထိုးလာမယ်၊ နောက်စပါးအသစ် ထပ်ပေါ်လာမယ်၊ ဆန်စပါးဟာ မြန်မြန်ရောင်းမှ ရတဲ့ ပုပ်ကုန် ဖြစ်နေတာကြောင့် ဆန်စပါး ထုတ်လုပ်တဲ့ နိုင်ငံတွေ ပေါင်းပြီး အသင်းဖွဲ့ဖို့ လက်တွေ့မှာ မလွယ်ကြောင်း သူက ပြောပြပါတယ်။

အရင်က ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံး နိုင်ငံဖြစ်ပေမယ့် အခုနှစ် ၆ လအတွင်း ထိုင်းနိုင်ငံ ဆန်တင်ပို့မှုဟာ အိန္ဒိယနဲ့ ဗီယက်နမ်ရဲ့ အောက် တတိယနေရာကို ရောက်နေပါတယ်။