နှစ်သီးစား သုံးသီးစား စစ်တပ်အရာရှိများ

Win Htein
Image caption NLD ပါတီရဲ့ မိတ္ထီလာအမတ် ဦးဝင်းထိန်

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ စစ်တပ်က ရာစုနှစ်ဝက်လောက် အုပ်ချုပ် စိုးမိုးခဲ့တာမို့ ဒီမိုကရေစီခေတ်ကို ပြောင်းနေပါတယ်ဆိုတဲ့ ဒီနေ့ခေတ် ဒီနေ့အချိန်ထိကို စစ်တပ်ကနေ အရပ်ဘက် အုပ်ချုပ်ရေး ဘက်ကို ပြောင်းလဲလာသူတွေ ဆက်လက် ရှိနေသေးသလို တိုးမြှင့်ထားတဲ့ ပင်စင်ခံစားခွင့်တွေကို နှစ်မျိုးနှစ်ထွေ ရယူခံစားနေကြတာဟာ တိုင်းပြည် ဘတ်ဂျက်လိုအပ်မှုကို ပိုပြီး ကြီးမားစေတဲ့အတွက် မလိုအပ်ဘဲ တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးနေတယ်လို့ ဝေဖန်ပြောဆိုမှုတွေ အခုရက်ပိုင်းမှာ ရှိလာခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ မိတ္တီလာအမတ် ဦးဝင်းထိန်ကတော့ ဒီလို တိုင်းပြည်ဘဏ္ဍာ ဆုံးရှုံးတာအပြင် ထိပ်ပိုင်း လူကြီး တဦးတည်းက ပင်စင် နှစ်မျိုး သုံးမျိုး ခွယူထားပြီး၊ အောက်ပိုင်းက လူတွေကျတော့ ပင်စင်အရ နည်းတာကြောင့် မမျှတမှုတွေ ဖြစ်နေတာတွေ ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

NLD ပါတီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ပြည်ထောင်စုအဆင့် ဝန်ကြီးတွေရဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို လူသိ ရှင်ကြား ထုတ်ဖော် ကြေညာဖို့ အကြောင်း လွှတ်တော်တွင်း ဆွေးနွေးခဲ့ပါသေးတယ်။

ဒီလို ကိစ္စတွေဟာ လုပ်ထုံး လုပ်နည်း ကိစ္စတွေဖြစ်လို့ လွှတ်တော်တွင်းမှာ အကျေအလည် ဆွေးနွေးကြရဦးမယ်၊ ပင်စင် နှစ်မျိုး နှစ်ထွေ ရယူနေကြတဲ့ ကိစ္စဟာ တခြား ပင်စင် ခံစားသူတွေကို ထိခိုက်မှုတွေ ရှိနိုင်တာက တကြောင်း၊ ဒီထက် အရေးကြီးတဲ့ တခြားကိစ္စတွေ ရှိနေတာက တကြောင်းမို့ ထိပ်တန်း အရေးတကြီး ဆွေးနွေးစရာ ကိစ္စလို့တော့ သူ့အနေနဲ့ မယူဆဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။

စစ်တပ်ကနေ အရပ်ဘက်ကို ပြောင်းတဲ့သူတွေဟာ မဆလလို့ လူသိများတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌ ဦးနေဝင်း လက်ထက် ကထဲက ရှိခဲ့တဲ့ ကိစ္စဖြစ်တယ်၊ အဲဒီခေတ်က စစ်တပ်ကနေ အရပ်ဘက်ပြောင်းရင် အစိုးရ အရာရှိလုပ်သူ လုပ်၊ အဲဒီကတခါ ပါတီဘက်ကူးလိုကူးနဲ့ ပင်စင်တွေ အမျိုးမျိုး ခံစားကြလို့ စစ်တပ်တွင်းမှာဆိုရင် နှစ်သီးစား၊ သုံးသီးစားလို့ ခေါ်တဲ့အထိ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

အခုခေတ်မှာ ဒီလို နှစ်သီးစား၊ သုံးသီးစားတွေဟာ ရှိနေသေးတယ်။ စစ်ဘက်ကနေ အရပ်ဘက်ကို ကူးပြောင်းကြတဲ့ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်၊ သံအမတ်ကြီး စသူတွေဟာ အဲဒီလို နှစ်သီးစား သုံးသီးစားတွေ ဖြစ်ကြတယ်၊ နောက်ပိုင်းနှစ်တွေမှာတော့ တဖြည်းဖြည်း လျော့သွားနိုင်တယ်လို့ ဦးဝင်းထိန်က ခန့်မှန်းပါတယ်။

ဦးနေဝင်းခေတ်ကနေ အခုခေတ်အထိ ကျင့်သုံးနေဆဲဖြစ်တဲ့ စာနဲ့ ရေးမထားတဲ့ လုပ်ထုံးလုပ်နည်းလို ဖြစ်နေတာမို့ အခုခေတ်အထိ အစဉ်အလာလို ရှိနေဆဲဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ် တယောက် လစ်လပ်တာနဲ့ စစ်တပ်ကနေ အစားထိုး ဝင်ရောက် နေရယူလိုက်တာ၊ သံအမတ်တယောက် လွတ်သွားတာနဲ့ စစ်တပ်ကနေ နေရာ ဝင်ယူတာတွေကို ဘယ်လောက် လက်ခံတယ် လက်မခံတော့ဘူး ဆိုတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရဦးမယ်လို့ ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။