ကင်တားနား မောင်တောကို သွား

Quintana ဓာတ်ပုံ မူပိုင် AP
Image caption မောင်တောမြို့ကနေ စစ်တွေကို ရဟတ်ယာဉ်နဲ့ ပြန်ရောက်လာတဲ့ မစ္စတာကင်တားနား

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ်အိုဟေး ကင်တားနားဟာ ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်းက စစ်တွေမြို့ကိုရောက်ရှိလာပြီး အဲဒီကမှ တဆင့် ရဟတ်ယာဉ်တွေနဲ့ မောင်တောမြို့ကို သွားရောက်ခဲ့ပါတယ်။

မောင်တောမြို့မှာတော့ သူဟာ ဌာနဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲတွေ၊ ဦးယာဆင်ခေါင်းဆောင်တဲ့ မူဆလင် လူကြီး ငါးဦးတို့နဲ့ တွေ့ဆုံပြီး အခြေအနေတွေကို မေးမြန်း စုံစမ်းခဲ့တယ်လို့ သိရပါတယ်။

နေ့လယ်ပိုင်းမှာတော့ ပြီးခဲ့တဲ့ လက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေရှိရာ လေးမိုင်နဲ့ အလိုတော်ပြည့်ကျောင်းတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

မစ္စတာ ကင်တားနားရောက်နေတုန်းမှာ မောင်တောမြို့မှာ ရှိတဲ့ ရခိုင်လူမျိုး ၂၀၀ လောက်က နိုင်ငံတော်အလံတွေ၊ ပိုစတာတွေကိုင်ဆောင်ပြီး လမ်းဘေးမှာ စီတန်းရပ်လို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သူတို့ကိုင်ထားတဲ့ ပိုစတာတွေမှာ သမ္မတကြီးဆုံးဖြတ်ချက်ကို လေးစားပါ၊ အချုပ်အခြာ အာဏာကို လေးစားပါ၊ တိုင်းရင်းသားတို့ရဲ့ အခွင့်အရေးကို လေးစားပါ၊ မျှမျှတတ ဆက်ဆံပါ ဆိုတဲ့ စာသားတွေ ရေးထားတယ်လို့ မောင်တော မြို့ခံတယောက်က ဘီဘီစီကို ပြောပါတယ်။

မစ္စတာကင်တားနားနဲ့ အဖွဲ့ဟာ ညနေပိုင်းမှာ ရဟတ်ယာဉ်တွေနဲ့ မောင်တောမြို့ကတဆင့် ဘူးသီးတောင်မြို့ကို သွားရောက်ဖို့ ရှိပေမဲ့ မိုးတွေသည်းထန်နေတဲ့ အတွက် မသွားနိုင်ပဲ စစ်တွေကိုပဲ ပြန်လာပြီး ညအိပ်ရပ်နားခဲ့ပါတယ်။ မနက်ဖန် မနက်ပိုင်းမှာ ဘူးသီးတောင်ကို သွားရောက်ဖို့ ရှိတယ်လို့ စစ်တွေ မှာ ရောက်နေတဲ့ သတင်းထောက် တယောက်က ပြောပါတယ်။