ကျောက်တော်ရဲ့ နောက်ဆုံးအခြေအနေ

ဓာတ်ပုံ မူပိုင် AP
Image caption ရခိုင်က ရွာတချို့ မီးရှို့ခံရစဉ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အမ်ဘာရီရွာ အင်္ဂါနေ့ မနက်က မီးရှို့ခံရတာဖြစ်ပြီး အနီးအနားက ရွာသားတွေပြောပြချက်အရ အိမ်ခြေ ၃ဝဝ ကျော်လောက် လောင်ကျွမ်းတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ အိမ် ၁ဝဝ ကျော်လောက်ရှိတယ်လို့ ပြောပါတယ်။

မောင်းတောမှာ ဗုံးခွဲမှာကို စိုးရိမ်တဲ့ အတွက် လုံခြုံရေးတွေ ပိုချထားတယ်ဆိုတဲ့ သတင်းဟာ မမှန်ကန်ကြောင်း နဲ့ ဘတ်စ်ကားလိုင်းတွေလည်း ပုံမှန်ပြန်လည် ပြေးဆွဲပေးနေပြီလို့ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးဝင်းမြိုင်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်ဒေသခံတွေနဲ့ မွတ်ဆလင်မ်တွေ အခင်းဖြစ်ပွားနေတာက တော်ရုံနဲ့ ဖြေရှင်းနိုင်မှာမဟုတ်သေးတဲ့အတွက် နိုင်ငံတကာ စိုးရိမ်မှုအသံတွေလည်း ထွက်နေပါတယ်။

တူရကီနိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်က အခြေအနေကို သိရှိနိုင်ဖို့ မြန်မာနိုင်ငံကို လာရောက်နေပြီးလို့သိရပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာဆူရင် ပစ်ဆူဝမ်ကလည်း အာဆီယံအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခရောက်နေသူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ စဉ်းစားနေတယ်လို့ပြောပါတယ်။